တရုတ်နိုင်ငံစီးပွားရေးနှေးကွေးနေခြင်း၏ ရိုက်ခတ်မှုကြောင့် ထိုင်းပြည်ပတင်ပို့မှုကိုထိခိုက်

   တရုတ်နိုင်ငံ၏စီးပွားရေးနှေး ကွေးနေခြင်းသည် ထိုင်းနိုင်ငံ၏ပြည်ပတင်ပို့မှုအပေါ် ဆက်လက်ထိခိုက်စေမည်ဖြစ်သော်လည်း ခရီးသွားလုပ်ငန်းအပေါ် အကျိုးသက်ရောက်မှု အနည်းငယ်သာရှိနိုင်ကြောင်း ခန့်မှန်းထားကြပါသည်။ ထိုင်းနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့မှု၏ ၅၀ ရာခိုင်နှုန်းခန့်သည် ပြည်တွင်းစားသုံးမှုအတွက် လူသုံးကုန်ပစ္စည်း များဖြစ်ကြောင်း၊ တရုတ် နိုင်ငံ၏ စီးပွားရေးနှေးကွေးနေခြင်းသည် အဆိုပါ ကုန်စည်များအပေါ်ထိခိုက်မှုရှိကြောင်းသိရှိရပါသည်။

   သို့ရာတွင် တရုတ်နိုင်ငံသို့ အီလက်ထရောနစ်ထုတ်ကုန်များ၊ လျှပ်စစ်ပစ္စည်းများ၊ Hard disk drives, တစ်ပိုင်းလျှပ်ကူးပစ္စည်းစသည့် စက်မှုထုတ်ကုန်များတင်ပို့မှုသည် သင့်တင့်စွာတိုးတက်နေဆဲဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ၏ တရုတ်နိုင်ငံသို့တင်ပို့မှုသည် ဇန်နဝါရီလ၌ ၁၉ ဒသမ ၇ ရာခိုင်နှုန်း၊ ဖေဖော်ဝါရီလ၌ ၁၅ ဒသမ ၁ ရာခိုင်နှုန်း၊ မတ်လ၌ ၈ ဒသမ ၃ ရာခိုင်နှုန်း အသီးသီးကျဆင်းခဲ့ကြောင်းသိရှိရပါသည်။

  ပထမသုံးလပတ်အတွင်း ထိုင်းနိုင်ငံ၏ ပြည်ပတင်ပို့မှုသည် ပြီးခဲ့သည့်နှစ် အလားတူကာလကထက် ၄ ဒသမ ၆၈ ရာခိုင်နှုန်းကျဆင်းခဲ့ရာ ထိုင်းနိုင်ငံ၏ တတိယမြောက်နှစ် အဖြစ် ဆက်တိုက်ကျဆင်းဖွယ်ရှိသည်ဟူသော စိုးရိမ်မှုကို ပိုမိုဖိအားပေးခဲ့ပါသည်။

   ပြီးခဲ့သည့်နှစ်၌   ထိုင်းနိုင်ငံ ပြည်ပတင်ပို့မှု၏   ၁၁ ရာခိုင်နှုန်းသည် တရုတ် ဈေးကွက်သို့တင်ပို့ခဲ့ခြင်းဖြစ်ပြီး တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၂၇ ဒသမ ၃ ဘီလီယံ ရှိခဲ့ ပါသည်။ ထိုင်းနိုင်ငံအနေဖြင့် ၎င်း၏ပြည်ပတင်ပို့မှုအရည်အသွေးမြှင့်တင်သင့်ကြောင်း၊ တရုတ်နိုင်ငံ၌ ဈေးကွက်အသစ်များ (segments) ရှာဖွေသင့်ကြောင်း၊ တရုတ်အစိုးရ သည် ၎င်း၏တိုးတက်မှုမူဝါဒကိုပြည်တွင်း စားသုံးမှုတိုးတက်ရေးဘက်သို့ ဦးတည်ချက် ပြောင်းလဲပြီးဖြစ်သောကြောင့် တရုတ်နိုင်ငံသို့ တင်ပို့နိုင်မည့် အခွင့်အလမ်းရှိနေ ဆဲဖြစ်ကြောင်း Mrs.Alisara က ပြောကြားခဲ့ပါသည်။

   တရုတ်အစိုးရအနေဖြင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲမှုများဆောင်ရွက်ခဲ့သောကြောင့် တရုတ်နိုင်ငံ၏စီးပွားရေးသည်ဖွံ့ဖြိုးမှုနှေးကွေးနေခြင်း ကိုတွေ့ကြုံရလိမ့်မည်ဟု ခန့်မှန်းကြောင်း၊ သို့ရာတွင်ရေရှည်တွင် စီးပွားရေးတည်ငြိမ်မှုကိုဖြစ်ပေါ်စေမည်ဖြစ်ကြောင်းလည်း Mrs.Alisara သုံးသပ်ပြောကြားခဲ့ပါသည်။

   တရုတ်နိုင်ငံ၏စီးပွားရေးသည် သိသိသာသာနှေးကွေးနေသော်လည်း ထိုင်းနိုင်ငံသို့တရုတ်ခရီးသွားဧည့်သည် ဝင်ရောက်မှုကို ထိခိုက်စေနိုင်ခြင်း မရှိကြောင်း၊ တရုတ်နိုင်ငံ သားများ၏ ဝင်ငွေသည် တိုးတက်နေဆဲဖြစ်သောကြောင့်ဖြစ်ကြောင်း၊ ထို့ပြင်ထိုင်းနိုင်ငံသည် တရုတ်ခရီးသွားများအတွက် အဓိကခရီးသွားနေရာဖြစ်နေဆဲဖြစ်ကြောင်းသိရှိရပါ သည်။

ရီရီမွန်၊ စီးပွားရေးသံမှူး၊

မြန်မာသံရုံး၊ ဗန်ကောက်မြို့