ဂျပန်နိုင်ငံတွင် အင်အားပြင်းငလျင် လှုပ်ခတ်

   ဂျပန်နိုင်ငံအရှေ့မြောက်ပိုင်းရှိ မီယာဂျီစီ ရင်စုဒေသတွင် မေ ၁၃ ရက်က အင်အားရစ်ချ် စတာစကေး ၆ ဒသမ ၆အဆင့်ရှိသည့် အင်အားပြင်းထန်သည့် ငလျင်လှုပ်ခတ် ခဲ့ကြောင်း အမေရိကန်ငလျင်တိုင်းတာရေးအဖွဲ့မှထုတ်ပြန်ကြေညာခဲ့သည်။

   အဆိုပါအင်အားပြင်းငလျင်ကြောင့် ဆူနာမီသတိပေးချက်ထုတ်ပြန်ထားခြင်းမရှိကြောင်း ဂျပန်နိုင်ငံမိုးလေဝသနှင့် ဇလဗေဒအေဂျင်စီကထုတ်ဖော်ပြောကြားခဲ့သည်။ အင် အားပြင်းငလျင်လှုပ်ခတ်မှုသည် တိုကျိုမြို့အထိပါရိုက်ခတ်ခဲ့ကြောင်း၊ တိုကျိုမြို့ နေပြည်သူများသည် ငလျင်လှုပ်ခတ်မှုကိုခံစားခဲ့ရကြောင်း၊ သို့သော် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှုနှင့် ပျက်စီးဆုံးရှုံးမှု တစ်စုံတစ်ရာမရှိခဲ့ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များကထုတ်ဖော်ပြောကြားခဲ့သည်။

  ယခုငလျင်လှုပ်ခတ်ခဲ့သည့်ဒေသသည် ၂၀၁၁ ခုနှစ်ကအင်အားရစ်ချ်တာစကေး ၉ ရှိသည့်အင်အားအလွန်ပြင်းထန်သည့် ငလျင်လှုပ်ခတ်ခဲ့သည့်ဒေသဖြစ်ကြောင်း၊ ယင်းငလျင် လှုပ်ခတ်မှုကြောင့် လူပေါင်း ၁၈၀၀၀ ကျော်သေဆုံးခဲ့ကာ နျူကလီးယားဓာတ်ပေါင်းဖိုများလည်းပျက်စီးခဲ့ရသည်။

  ယခုလှုပ်ခတ်ခဲ့သည့်ငလျင်သည် ဖူကူရှီးမား ဓာတ်ပေါင်းဖိုရှိသည့်နေရာနှင့် ဝေးကွာသည့်အပြင် အင်အားလည်း အတန်အသင့်သာရှိသဖြင့်  နျူကလီးယားဓာတ်ပေါင်းဖိုများ သည် ထိခိုက်မှုတစ်စုံတစ်ရာမရှိခဲ့ကြောင်း  ဖူကူရှီးမားစီရင်စုဒေသမှ တာဝန်ရှိသူများက ထုတ်ဖော်ပြောကြားခဲ့သည်။

မယ်သီတာ