ဆန်အများဆုံးတင်ပို့သည့်နိုင်ငံအဖြစ် ထိုင်းနိုင်ငံပြန်လည်ဖြစ်လာဖို့မလွယ်ကူသေး

   ကမ္ဘာ့စီးပွားရေးနာလန်ထူလာမှု သည်မျှော်မှန်းထားသည်ထက် ပိုမိုနှေးကွေးနေသောကြောင့် ထိုင်းနိုင်ငံအနေဖြင့် ကမ္ဘာ့ဆန်အများဆုံးတင်ပို့သည့်နိုင်ငံဟူသော သရဖူကို ပြန် လည်ရရှိနိုင်ဖွယ်မရှိကြောင်းသိရှိရပါသည်။

   ယခုနှစ်တွင်ထိုင်းနိုင်ငံအနေဖြင့် ဆန်တန်ချိန်၈ ဒသမ ၅ သန်းသာတင်ပို့နိုင်မည်ဟုခန့်မှန်းထားကြောင်း၊ ယခုနှစ် ပထမလေးလအတွင်းဆန်တန်ချိန်၂ ဒသမ ၄ သန်းတင်ပို့ ခဲ့ကြောင်း၊ ပြီးခဲ့သည့်နှစ် အလားတူကာလထက် ၄ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ ကမ္ဘာ့စီးပွားရေး ကျဆင်းနေခြင်းနှင့် ထိုင်းဆန်၏ ယှဉ်ပြိုင်မှုစွမ်းအားနိမ့်နေခြင်း တို့ကြောင့် ယေဘုယျအားဖြင့် ဆန်တင်ပို့မှုသည် အားပျော့နေမည်ဖြစ် ကြောင်း ထိုင်းဆန်ပြည်ပတင်ပို့သူများအသင်း၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ Mr.Chookiat ကပြောကြား ခဲ့ပါသည်။

   လောလောဆယ်တွင် ထိုင်းဆန် တစ်တန်လျှင်အမေရိကန်ဒေါ်လာ ၃၉၀-၃၉၅ ဖြစ်ကြောင်း၊ အိန္ဒိယဆန်တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၃၆၀-၃၆၅၊ ဗီယက်နမ်ဆန် တစ်တန်လျှင် အမေရိကန် ဒေါ်လာ၃၅၅-၃၆၀ဖြစ်ကြောင်း၊ ပြီးခဲ့သည့်နှစ်၌ အိန္ဒိယနိုင်ငံသည် ဆန်တန်ချိန် ၁၁ ဒသမ ၃ သန်းတင်ပို့၍ ဆန်အများဆုံးတင်ပို့သည့် နိုင် ငံဖြစ်ကြောင်းသိရှိရပါသည်။ ဝယ်လိုအားနည်းပါးပြီး၊ ယှဉ်ပြိုင်မှု မြင့်မားလျက်ရှိသောကြောင့် ထိုင်းနိုင်ငံအနေဖြင့် ယခုအချိန်မှစ၍ ဆန်တင်ပို့မှု တွင်အခက်အခဲများ တွေ့ကြုံ ရနိုင်ကြောင်း၊ အိန္ဒိယနိုင်ငံ သည်ယခုနှစ်တွင်လည်းဆန် အများဆုံးတင်ပို့သည့်နိုင်ငံဖြစ်နိုင်မည်ဟု ခန့်မှန်းထားကြကြောင်း၊ ဗီယက်နမ်နိုင်ငံသည် တရုတ်နိုင်ငံနှင့် နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုတွင်အခက်အခဲကြုံနေရကြောင်း Mr.Chookiat ကပြောကြားခဲ့ပါသည်။

  တရုတ်အာဏာပိုင်များသည် တရုတ်ပြည်တွင်းဈေးကွက်တွင်ရောင်းချမှုအတွက် ကုန်သည်များအားအစိုးရဆန်များကို ပိုမိုထုတ် ရောင်းပေးခဲ့ကြောင်း၊ နယ်စပ်ဂိတ်များမှ တစ်ဆင့် ဗီယက်နမ်နိုင်ငံမှ တရားမဝင်ဆန်တင်သွင်းမှုအပေါ် ပိုမိုတင်းကျပ်စွာထိန်းချုပ်လျက်ရှိကြောင်း၊ တရုတ်နိုင်ငံ၏ တင်းကျပ်စွာထိန်းချုပ်မှုကြောင့် ယခုနှစ် ပထမလေးလ အတွင်း ဗီယက်နမ်နိုင်ငံ၏ဆန်တင်ပို့မှုသည်ပြီးခဲ့သည့်နှစ် အလားတူကာလထက်၃၈ ရာခိုင်နှုန်းလျော့နည်း၍တန်ချိန် ၁ ဒသမ ၄ သန်းသာရှိခဲ့ကြောင်းသိရှိရပါသည်။

ရီရီမွန်၊ စီးပွားရေးသံမှူး၊

မြန်မာသံရုံး၊ ဗန်ကောက်မြို့