အိန္ဒိယနိုင်ငံ၏သကြားပို့ကုန်ထောက်ပံ့မှုကို အရေးယူပေးရန်ထိုင်းသကြား စက်လုပ်ငန်းရှင်များတောင်းဆို

   ထိုင်းသကြားစက်လုပ်ငန်းရှင် များသည်အိန္ဒိယနိုင်ငံ၏သကြားတင်ပို့မှုအတွက် အထောက်အပံ့ပေးမှုရပ်တန့်သွားစေရန် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့(ဒဗလျူတီအို) စည်းမျဉ်း စည်းကမ်းများအရ အရေးယူဆောင်ရွက်ပေးရန် ထိုင်းနိုင်ငံအစိုးရအားတောင်းဆိုလျက်ရှိကြပါသည်။ အိန္ဒိယက သကြားတင်ပို့မှုအတွက် အထောက်အပံ့ပေးနေသဖြင့် အိန္ဒိယ သကြားပြည်ပတင်ပို့သည့် ဈေးနှုန်းကို တစ်ပေါင်လျှင် အမေရိကန်ဒေါ်လာ ၂-၁၄ ဆင့်လျော့နည်းစေကြောင်း၊ ဒဗလျူတီအို၏ ကုန်သွယ်မှုဆိုင်ရာစည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ရာရောက်ကြောင်း၊ အိန္ဒိယ၏သကြားတင်ပို့မှုအတွက် အထောက်အပံ့ပေးခြင်းသည် ထိုင်းသကြားတင်ပို့မှုအားထိခိုက်စေကြောင်း၊ သို့ဖြစ်ရာထိုင်းနိုင်ငံအစိုးရ အနေဖြင့် အိန္ဒိယ၏ အထောက်အပံ့ပေးမှုကိုတားမြစ်ခြင်းဖြင့် ထိုင်းသကြားစက်လုပ်ငန်းရှင်များအားပံ့ပိုးကူညီသင့်ကြောင်း သကြားစက်လုပ်ငန်းရှင်များကော်ပိုရေးရှင်းမှဒုတိယ ဥက္ကဋ္ဌ မစ္စတာဗီဘွန်ကပြောကြားခဲ့ပါသည်။

  ယခင်နှစ်ကအိန္ဒိယနိုင်ငံ၏ ဈေးကွက်မြှင့်တင်ရေးဝန်ဆောင်မှုအစီအစဉ်အရ သကြားတင်ပို့မှုအတွက် အထောက်အပံ့ပေးခြင်းကို စတင်ခဲ့ကြောင်း၊ ယခုနှစ်တွင် အိန္ဒိယ အစိုးရသည် သကြားကြမ်းတင်ပို့မှုအတွက်ထောက်ပံ့ပေးမှုကို မြှင့်တင်ခဲ့ကြောင်း၊ သို့ဖြစ်ရာအိန္ဒိယသကြားသည် အခြားနိုင်ငံများ၏  ဈေးနှုန်းထက်သက်သာလျက်ရှိကြောင်း သိရှိရပါသည်။

   အိန္ဒိယနိုင်ငံ၏ သကြားတင်ပို့မှုသည် ပြီးခဲ့သည့်နှစ်ကတန်ချိန် ၄ သန်းရှိပြီး၊ အာရှ၌သကြားသုံးစွဲမှု၏ ၂ ရာခိုင်နှုန်းခန့်ရှိပါသည်။ အိန္ဒိယနိုင်ငံ၏ သကြားတင်ပို့မှုသည် သကြား တန်ချိန် ၇ သန်းတင်ပို့လျက်ရှိသော ထိုင်းနိုင်ငံနှင့် သကြားတန်ချိန် ၄ သန်းတင်ပို့လျက်ရှိသော သြစတြေးလျနိုင်ငံတို့၏ သကြားတင်ပို့မှုကို တဖြည်းဖြည်းယုတ်လျော့စေခဲ့ပါ သည်။

   အစိုးရအနေဖြင့် သကြားလုပ်ငန်းကို သေချာပေါက်ပံ့ပိုးကူညီမည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ၏ သကြား ဈေးကွက်ဝေစု အထူးသဖြင့် အာရှဈေးကွက် ဝေစုကိုကာကွယ်ပေးနိုင် ရန် ပြဿ     နာကိုသေချာစွာ လေ့လာစောင့်ကြည့်ဆောင်ရွက်မည်ဖြစ်ကြောင်း စက်မှုလုပ်ငန်းဝန်ကြီးဌာန ချတင်ကရာမွန်ကပြောကြားခဲ့ပါသည်။

   အိန္ဒိယတွင် သကြားတင်ပို့မှုအတွက် ထောက်ပံ့ပေးခြင်းသည် ကမ္ဘာ့သကြားဈေးနှုန်းအပေါ် ဖိအားပေးလျက်ရှိသဖြင့် သကြားဈေးနှုန်းကိုထိုးကျစေခဲ့ကြောင်း ထိုင်းသကြား ကုန်သည်များက ပြောကြားခဲ့ကြပါသည်။ ယင်းပြဿ   နာသည် နှစ်နိုင်ငံ ကုန်သွယ်မှုဆိုင်ရာ ဆက်ဆံမှုအပေါ် အပျက် သဘောဆောင်သော  အကျိုးသက်ရောက်မှုရှိနိုင်ရုံသာမက အိန္ဒိယနှင့် ထိုင်းနှစ်နိုင်ငံအကြားဆက်ဆံရေးကိုပါထိခိုက်စေနိုင်သည်ဟုစိုးရိမ်လျက်ရှိ ကြပါသည်။

  ထိုင်းသကြားကုန်သည်များအနေဖြင့် ထိုင်းနိုင်ငံအစိုးရအား ဒဗလျူတီအိုစည်းမျဉ်းများအရ အရေးယူဆောင်ရွက်ခြင်းမပြုခင် အိန္ဒိယမှ ဆွေးနွေးဘက်များနှင့် ဆွေးနွေး ညှိနှိုင်းစေလိုကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စက်မှုလုပ်ငန်းဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနအပါအဝင် အစိုးရဌာနများအနေဖြင့် အိန္ဒိယ၏ သကြားတင်ပို့မှုအတွက် ထောက်ပံ့ပေးနေခြင်းကိုတုံ့ပြန်ရန် အသင့်တော်ဆုံးနည်းလမ်းရရှိရန် ကြိုးပမ်းမည်ဖြစ်ကြောင်းသိရှိရပါသည်။

ရီရီမွန်၊ စီးပွားရေးသံမှူး

မြန်မာသံရုံး၊ ဗန်ကောက်မြို့