မီးခိုးငွေ့များရောက်ရှိလာသည့်အတွက် အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ကြရန် ထိုင်းဝန်ကြီးချုပ်ညွှန်ကြား

   ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက မိမိနိုင်ငံတွင်းသို့ မီးခိုးငွေ့များရောက်ရှိလာခြင်းအတွက် အိမ်နီးချင်းနိုင်ငံများနှင့်ပူးပေါင်းဆောင်ရွက်ကြရန် ၎င်း၏အစိုးရအဖွဲ့များ အား တိုက်တွန်းပြောကြားလိုက်ကြောင်း ဗန်ကောက်ပို့စ်သတင်းတွင်ဖော်ပြထားသည်။

   ထိုင်းနိုင်ငံ၏ မြောက်ပိုင်းပြည်နယ်များတွင် မီးခိုးငွေ့များရှိနေခြင်းကြောင့် အဆိုပါဒေသတွင်နေထိုင်ကြသည့် အာဏာပိုင်များအနေနှင့် ဒေသနှင့်နီးစပ်သည့် အိမ်နီးချင်းနိုင်ငံ များမှတာဝန်ရှိသူများ နှင့်ပူးပေါင်းဆောင်ရွက်ရန်နှင့် ရေတိုရေရှည်စီမံချက်များချမှတ်ဆောင်ရွက်ရန်လိုကြောင်း ဗိုလ်ချုပ်ကြီးချန်အိုချာကပြောကြားခဲ့သည်။''မြောက်ပိုင်းဒေသတွေ မှာ မီးခိုးတွေရှိနေတာကြောင့် နိုင်ငံခြားသားခရီးသည်တွေဝင်ရောက်လာမှုကို ဟန့်တားရာရောက်စေပါတယ်။  အဲဒီလို နိုင်ငံခြားသားဝင်ရောက်မှုတွေကျဆင်းသွားရင် နိုင်ငံရဲ့ စီးပွားရေးဟာလည်းကျဆင်းသွားပါလိမ့်မယ်။ ပြည်တွင်းမှာ တောမီးလောင်ကျွမ်းတာတွေ၊ လယ်မြေကို မီးရှို့မှုတွေကို တားမြစ်နိုင်ဖို့အတွက် စည်းရုံးလုပ်ဆောင်ရာမှာ ခက်ခဲပါ လိမ့်မယ်။

   ဒါကြောင့်  အာဏာပိုင်တွေအနေနဲ့ ဥပဒေနဲ့တားမြစ်တာမျိုးကို အလေ့အကျင့်ရအောင်လုပ်ဖို့ လိုအပ်ပါလိမ့်မယ်''ဟု ၎င်းက ပြောကြားခဲ့သည်။ ထို့ပြင် ဗိုလ်ချုပ်ကြီးချန်အိုချာက သဘာဝအရင်းအမြစ်များ စီမံခန့်ခွဲရေးနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီးကိုလည်း အဆိုပါမီးခိုးငွေ့များနှင့်ပတ်သက်၍ တာဝန်ယူဖြေရှင်းပေးရန်ပြောကြား ခဲ့ကြောင်းသိရသည်။

   ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းက မဟာမဲခေါင်ဒေသခွဲ နိုင်ငံများအနေဖြင့် မီးခိုးငွေ့များလျော့ပါးစေရေးအတွက် ပူးပေါင်းလုပ်ဆောင်ကြရန် သဘောတူညီမှုများပြုလုပ်ထား ခဲ့ကြကြောင်း အဆိုပါသတင်းတွင်ဖော်ပြထားသည်။

မယ်သီတာ