ထိုင်းရင်းနှီးမြှုပ်နှံမှုနဲ့ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအတွက် ဆက်သွယ်ရေးစီမံကိန်းများချမှတ်

   ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းတွေပိုမိုထုတ်ဖော်ပေးနိုင်ဖို့နဲ့ ခရီးသွားရောက်ရှိမှုတိုးတက်လာဖို့အတွက်ရည်ရွယ်ပြီး  ထိုင်းနိုင်ငံက အိမ်နီးချင်းနိုင်ငံတွေ နဲ့ချိတ်ဆက်သွားနိုင်မယ့် ဆက်သွယ်ရေးစီမံကိန်းတွေကို သယ်ယူပို့ဆောင်ရေးဝန်ကြီးကဆောင်ရွက်လျက်ရှိကြောင်း  နေးရှင်းသတင်းမှာဖော်ပြထား ပါတယ်။

   အစိုးရကဆက်သွယ်ရေးတွေဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရာမှာ   နိုင်ငံအတွင်းရှိ ပင်လယ်ဆိပ်ကမ်းတွေမှာသာမက အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်နွယ်နေတဲ့ နယ်စပ်ဒေ သတွေနဲ့ရေကြောင်းသယ်ယူပို့ဆောင်ရေး အဆက်အသွယ်တွေကိုပါ တိုးတက်ကောင်းမွန်အောင်ဆောင်ရွက်နေကြောင်း ပင်လယ်ရေကြောင်းဌာနအကြီးအကဲ  ချူလာဆုပ် မန်နော့က ဘန်ကောက်ရှိ ကွန်ဖရင့်တစ်ခုမှာ အစိုးရရဲ့အခြေခံဆောက်အအုံစီမံကိန်းတွေနဲ့ပတ်သက်လို့ပြောကြားရာမှာ ထည့်သွင်းပြောကြားခဲ့တယ်။

   ပထဝီ တည်နေရာအနေအထားအရ ထိုင်းနိုင်ငံက အရှေ့တောင်အာရှအတွက်   အချက်အချာကျတဲ့ ဆက်သွယ်ရေးဗဟိုဌာနဖြစ်လာနိုင်ပါတယ်။ ထိုင်းအစိုးရက ဥရောပရဲ့ ဗဟိုချက်မမှာရှိနေပြီး ပတ်ဝန်းကျင်ကို ကုန်းလမ်း၊ ရေလမ်းနဲ့ လေကြောင်းလမ်းတွေကဆက်သွယ်နိုင်တဲ့  ဂျာမနီနိုင်ငံလို အနေအထားမျိုးထူထောင်ဖို့ စီစဉ်လျက်ရှိပါတယ်။

   ဆက်သွယ်ရေးကောင်းမွန်တဲ့အတွက် စီးပွားရေးအခွင့်အလမ်းတွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေပိုမိုရနိုင်သလို နိုင်ငံခြားခရီးသွားတွေလည်း ပိုမိုလာရောက်ကြမှာဖြစ်ပါတယ်။ သယ် ယူပို့ဆောင်ရေးစနစ်တွေ  ပိုမိုတိုးတက်ကောင်းမွန်လာမယ်ဆိုရင် အကျိုးကျေးဇူးအသီးအပွင့်တွေပိုမိုခံစားနိုင်လိမ့်မယ်လို့လည်းပြောပါတယ်။

   အာဆီယံနိုင်ငံတွေက လေကြောင်းသယ်ယူပို့ဆောင်ရေးဈေးကွက်တွေကိုဖွင့်ပေးတော့မှာဖြစ်တဲ့အတွက် ထိုင်းနိုင်ငံအတွင်းကိုလေကြောင်း လိုင်းတွေပိုမိုရောက်ရှိလာစေနိုင် တယ်လို့ ချူလာကပြောပါတယ်။  ဒွန်မောင်းလေဆိပ်က လောလောဆယ်မှာ တစ်ရက်ကိုခရီးစဉ် ၇၀၀ စီစဉ်ဆောင်ရွက်ပေးလျက်ရှိပြီး တစ်ရက်ကို ခရီးစဉ် ၈၀၀ ကို စီစဉ်ဆောင်ရွက်နေတဲ့   သုဝဏ္ဏဘုမ္မိလေဆိပ်နဲ့ နှိုင်းယှဉ်ရင် အနည်းငယ်သာကျဆင်းပါတယ်။

ဉာဏ်တင်