ဗင်နွာတူနိုင်ငံသို့ အင်အားပြင်းဆိုင်ကလုန်းမုန်တိုင်း ပန်မ်ဝင်ရောက်တိုက်ခတ် တောင်ပစိဖိတ်နိုင်ငံများသို့ဆက်လက်ရွေ့လျားမည်

  အင်အားအလွန်ပြင်းထန်သည့် ဆိုင်ကလုန်း မုန်တိုင်းပန်မ်သည် ဗင်နွာတူ (Vanuatu) နိုင်ငံအနီးသို့ရောက်ရှိနေပြီး မုန်တိုင်း၏အရှိန်ကြောင့်  ဗင်နွာတူနိုင်ငံတစ်ဝန်းတွင် ရေ လွှမ်းမိုးမှုများ ဖြစ်ပွားလျက်ရှိကြောင်း  ဒေးလီးမေးလ်သတင်းတွင်ဖော်ပြထားသည်။

   အဆိုပါမုန်တိုင်း၏ အရှိန်ကြောင့် တူဗာလု၊ ကီရီဘာတီမြို့တို့တွင် လေပြင်းတိုက်ခတ်မှုများ၊ မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ရေလွှမ်းမိုးမှု များဖြစ်ပွားလျက်ရှိကြောင်း အဆိုပါသတင်းတွင်ဖော်ပြထားသည်။ ရေလွှမ်းမိုးမှုများကြောင့် ကီရီဘာတီမြို့တွင် သီးနှံစိုက်ခင်းများပျက်စီးခဲ့ရပြီး အိမ်ထောင်စုပေါင်း ၃၀၀၀ ကျော်မှာ ရေလွှမ်းမိုးမှုဒဏ်ကို ခံစားနေရကြောင်းသိရသည်။

   ထို့အတူ ဗင်နွာတူနိုင်ငံနှင့် ကပ်လျက်ရှိသည့် ဆော်လမွန်ကျွန်းစုနိုင်ငံတွင်လည်း အဆိုပါမုန်တိုင်းတိုက်ခတ်မှုဒဏ်ကိုခံစားနိုင်ရကြောင်းသိရသည်။ ဗင်နွာတူနိုင်ငံတစ်ဝန်းလုံး တွင် အနီရောင်အဆင့်သတ်မှတ်ထားပြီးအရေးပေါ်အခြေအနေသတ်မှတ်ထားကြောင်းသိရသည်။ ဆိုင်ကလုန်းမုန်တိုင်းပန်မ်သည် ဗီလာဆိပ်ကမ်း၏ မြောက်-အနောက်မြောက် ပိုင်းအနီး ၁၀၅ ကီလိုမီတာအကွာသို့ရောက်ရှိနေပြီး ကုန်းတွင်းပိုင်းသို့ဝင်ရောက်တိုက်ခတ် မည်ဖြစ်ကြောင်း ဗင်နွာတူနိုင်ငံ မိုးလေဝသဌာနမှ ထုတ်ပြန်ကြေညာခဲ့သည်။

   အဆိုပါမုန်တိုင်းသည် တစ်နာရီလျှင် ကီလို မီတာ ၂၃၀ နှုန်းဖြင့် တိုက်ခတ်မည်ဖြစ်ကြောင်း ဗင်နွာတူမိုးလေဝသဌာနက ထုတ်ဖော်ပြောကြားခဲ့သည်။ ''မုန်တိုင်းတိုက် ခတ်မှုက တော်တော်လေးကို အင်အားပြင်းထန်ပါတယ်။ ပြည်သူတွေလည်းစိုးရိမ်နေကြပါတယ်။  ကျွန်တော်တို့နိုင်ငံဟာ ခုလိုအင်အားပြင်းထန်တဲ့မုန်တိုင်းမျိုး မတိုက်ခတ်ခဲ့ တာ တော်တော်လေးကိုကြာနေပါပြီ။ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုတွေဖြစ်လာနိုင်သလို အသေအပျောက်တွေလည်းရှိလာနိုင်ပါတယ်''ဟု ဗင်နွာတူအစိုးရ မှ ပြောကြားခဲ့သည်။

   ဗင်နွာတူနိုင်ငံတွင် ၁၉၈၇ခုနှစ်က အင်အားအလွန်ပြင်းထန်သည့် ဆိုင်ကလုန်းမုန်တိုင်း အူမာ တိုက်ခတ်ခဲ့ရာ လူ ၅၀ ဦးသေဆုံးခဲ့သည်။ ယင်း အူမာမုန်တိုင်းတိုက်ခတ် ခဲ့ပြီးနောက် ဗင်နွာတူနိုင်ငံသည် မုန်တိုင်းအန္တရာယ်မှ ကင်းလွတ်သည့်နိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့ပြီး ယခုနှစ်တွင်မှ တစ်ကျော့ပြန်လည်ဝင်ရောက်တိုက်ခတ်ခြင်းဖြစ်သည်။ ဗင်နွာ တူနိုင်ငံသည် လူဦးရေ ၂၇၀၀၀၀ နေထိုင်သည့်နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်းသိရသည်။

မယ်သီတာ