ထိုင်း-အင်ဒိုနီးရှားနဲ့ မလေးရှားတို့ ရော်ဘာတင်ပို့မှုကို ကန့်သတ်လုပ်ဆောင်သွားမည်

   ထိုင်း၊ အင်ဒိုနီးရှားနဲ့ မလေးရှားတို့ဟာ ဈေးနှုန်းတည်ငြိမ်ရေးကို အထောက်အကူပြုစေရန် ရော်ဘာတင်ပို့မှုအား လိုအပ်ချက်အတိုင်းသာ ကန့်သတ်တင်ပို့သွားမယ်လို့ နိုင်ငံ တကာရော်ဘာအသင်း အမှုဆောင်အရာရှိချုပ် ယမ်တာဗာဂိုလစ်ကပြောကြားပါတယ်။

  ဆောင်းရာသီကုန်ဆုံးပါက ဈေးနှုန်းများမြင့်တက်လာတော့မှာဖြစ်ကြောင်း၊ ရော်ဘာစေးထုတ်လုပ်မှုကျဆင်းပြီး လိုအပ်ချက်က  မြင့်တက်လာတဲ့ အတွက် ဈေးတက်ရ တာဖြစ်ကြောင်း ဖေဖော်ဝါရီလ ၂၆ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဘန်ဒေါင်းမှာ တွေ့ဆုံမေးမြန်းစဉ်ပြောကြားခဲ့တာဖြစ်ပါတယ်။

   ထိုင်း၊ အင်ဒိုနီးရှားနဲ့ မလေးရှား သုံးနိုင်ငံလုံးဟာ ဇန်နဝါရီလအတွင်းက ရော်ဘာတင်ပို့မှုအပေါ် ကောင်းစွာစီမံခန့်ခွဲနိုင်ခဲ့ပြီး ယခုနှစ်တင်ပို့မှုများသိပ်များပြားမှာ မဟုတ်ဘူးလို့ ယမ်က ပြောကြားပါတယ်။ ကျွန်တော်တို့အနေနဲ့ရော်ဘာ ဈေးနှုန်းမြင့်တက်ဖို့ ရည်ရွယ်လုပ်ဆောင်တာမျိုးမဟုတ်ဘဲ ရော်ဘာဈေးနှုန်းတည်ငြိမ်ရေးအတွက်သာ ရည်ရွယ်တယ် လို့ ပြောပါတယ်။

   ထိုင်းစံချိန်မီရော်ဘာ TSR-20 က တစ်ကီလိုကို ၁၄၅ ဆင့်သာရှိပြီးထုတ်လုပ်မှုစရိတ်ပိုမိုတယ်၊ ကမ္ဘာ့ရော်ဘာသိုလှောင်ထားမှုပမာဏမှာ တန်ချိန် ၂ ဒသမ ၂ သန်းမှ ၂ ဒသမ ၅သန်းခန့်ထိရှိနိုင်တယ်လို့သိရပါတယ်။

    IRCO ဟာ ထိုင်း၊ အင်ဒိုနီးရှားနဲ့ မလေးရှားသုံးနိုင်ငံမှ တာဝန်ရှိသူများ၊ စိုက်ပျိုးသူများနဲ့ ရော်ဘာပြည်ပတင်ပို့သူများပါဝင်ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းတစ်ဖွဲ့ဖြစ်ပြီး ကမ္ဘာ့ရော် ဘာ ထုတ်လုပ်မှုရဲ့ ၆၄ ရာခိုင်နှုန်းကျော်ဆောင်ရွက်လျက်ရှိတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။

  ကမ္ဘောဒီးယား၊လာအို၊ မြန်မာနဲ့ ဗီယက်နမ်နိုင်ငံတို့ကလည်းဈေးနှုန်းတည်ငြိမ်ရေးအတွက် International Tripartite Rubber Council (ITRC) ရဲ့ လက်အောက်ခံနဲ့ ပူးပေါင်း လုပ်ဆောင်ရန် သဘောတူညီခဲ့ကြတယ်လို့  ဆိုပါတယ်။ ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှ၂၇ ရက်ထိ အင်ဒိုနီးရှားနိုင်ငံ ဘန်ဒေါင်းမှာ ကျင်းပပြုလုပ်တဲ့အစည်းအဝေးမှာ ထိုင်း၊ အင်ဒိုနီးရှားနဲ့မလေးရှားနိုင်ငံတို့မှ အကြီးတန်း အရာရှိကြီးများတက်ရောက်ခဲ့ကြပြီး ဈေးနှုန်းအလားအလာ၊ ဈေးကွက်အခြေအနေ၊ ဈေးနှုန်းတည်ငြိမ်ရေး အထောက်အကူပြု လုပ်ငန်းများ အရှိန်မြှင့်ဆောင်ရွက်ရန်တို့ကို ဦးစားပေးဆွေးနွေးခဲ့ကြပါတယ်။

   လာမယ့် ခြောက်နှစ်မှ ခုနစ်နှစ်အတွင်းမှာ ရော်ဘာတိုး ချဲ့စိုက်ပျိုးခြင်းကိုရှောင်ကြဉ်ကြရန်နဲ့ လိုအပ်ချက်ရှိတဲ့ ပမာဏအတွက်သာ ချိန်ဆထုတ်လုပ်ကြရန် သဘောတူညီခဲ့ကြ ပါတယ်။

CMK