ကိုရီးယား ငွေဖောင်းပွမှုနှုန်း ၁၆ နှစ်အတွင်း အနိမ့်ဆုံးဖြစ်ခဲ့

  ကိုရီးယားစားသုံးသူဈေးနှုန်းများသည် ယခင်လက ၁၆ နှစ်အတွင်း အနိမ့်ဆုံးတိုးနှုန်းဖြစ်ခဲ့သည်။ ကိုရီးယား ဗဟိုစာရင်းအင်းဌာန၏ မတ်လ ၃ ရက်ကထုတ်ပြန်ချက် အရ ဖေဖော်ဝါရီလတွင် စားသုံးသူဈေးနှုန်းများတက်သည့်နှုန်းသည် ယခင်နှစ် အလားတူကာလထက် သုည ဒသမ ၅ ရာခိုင်နှုန်းသာရှိကြောင်းသိရှိရသည်။ ကိုရီးယားနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုနှုန်း နှေးကွေးနေခြင်းသည် ကမ္ဘာ့ရေနံဈေးနှုန်းများထိုးကျနေသည့်အတွက်ဖြစ်ကြောင်း ကိုရီးယားအစိုးရကကောက်ချက်ချသည်။  ပြည်တွင်း ရေနံဈေးနှုန်းများ သည်လည်း  ၅ ရာခိုင်နှုန်းကျော်ကျဆင်းသွားခဲ့သည်။

  ယင်းအခြေအနေအရပ်ရပ်ကြောင့် ဈေးကွက်လေ့လာသူအချို့က ကိုရီးယားငွေကျစ်မှုအန္တရာယ် (deflation) ကို စိုးရိမ်မကင်းဖြစ်လာခဲ့ကြသည်။ အချို့မှာမူ ငွေကျစ်မှုအန္တရာယ် ကို မစိုးရိမ်ရဘဲငွေဖောင်းပွမှုဖြစ်နိုင်ကြောင်းသာဆိုကြသည်။ အဘယ်ကြောင့်ဆိုသော် core inflation ငွေဖောင်းပွမှုတွင် ရေနံထွက်ကုန်ပစ္စည်းနှင့် စားသောက်ကုန်ဈေးနှုန်း များသည် ကာလရှည်ဈေးနှုန်း ပြောင်းလဲနိုင်မှုမရှိ၍ ဖယ်ထုတ်ထားနိုင်ပြီး၊ ယခုအခါ ၂ ဒသမ ၃ ရာခိုင်နှုန်းတွင်သာရှိနေကြောင်း ထောက်ပြပြောဆိုခဲ့ကြသည်။

သန့်ဇင်၊ စီးပွားရေးသံမှူး

မြန်မာသံရုံး၊ ဆိုးလ်မြို့