ထိုင်းနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်း မူလခန့်မှန်းချက်အောက်ကျဆင်း

   ထိုင်းနိုင်ငံ၏ စီးပွားရေး တိုးတက်မှုနှုန်းသည် ပြီးခဲ့သည့်နှစ် စတုတ္ထသုံးလပတ်က ခန့်မှန်းထားသည်ထက် ပိုမိုမြင့်တက်ခဲ့သော်လည်း အစိုးရ၏စီမံကိန်းဌာနမှ ခန့်မှန်းထား သည့် နှစ်စဉ် တိုးတက်မှုနှုန်း (၂၀၁၄ ခုနှစ် စီးပွားရေးတိုးတက်မှုနှုန်း) တစ်ရာခိုင်နှုန်းကိုပြည့်မီခြင်းမရှိခဲ့ကြောင်းသိရှိရပါသည်။

   ၂၀၁၄ ခုနှစ်စတုတ္ထသုံးလပတ် စီးပွားရေး တိုးတက်မှုနှုန်းသည် ၂၀၁၃ ခုနှစ်အလားတူကာလကထက် ၂ ဒသမ၃ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း အမျိုးသားစီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးမှုအဖွဲ့ (NESDB)မှ ၂၀၁၄ခုနှစ် ဖေဖော်ဝါရီ ၁၆ရက်နေ့၌ထုတ်ပြန်ကြေညာခဲ့ပါသည်။ သို့ရာတွင်တစ်နှစ်လုံးအနေဖြင့် တိုးတက်မှုနှုန်းသည် သုည ဒသမ ၇ ရာခိုင်နှုန်းသာဖြစ်ရာ (နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး) အကြံပေးအဖွဲ့မှပြီးခဲ့သည့် နိုဝင်ဘာလ၌ ခန့်မှန်းခဲ့သော တစ်ရာခိုင်နှုန်းထက်လျော့နည်းခဲ့ပါသည်။

   မြင့်မားသော ပုဂ္ဂလိကသုံးစွဲမှု၊ ပုဂ္ဂလိကရင်းနှီး မြှုပ်နှံမှု၊ အစိုးရသုံးစွဲမှု စသည်တို့ကြောင့်ထိုင်းနိုင်ငံ၏စီးပွားရေးသည် ၂၀၁၄ ခုနှစ်စတုတ္ထသုံးလပတ်၌ ပြန်လည်နာလန်ထူ လာမည့် အရိပ်အယောင်မှေးမှိန်နေဆဲဖြစ်ကြောင်း NESDB အတွင်းရေးမှူးချုပ်မှပြောကြားခဲ့ပါသည်။

   ထုတ်လုပ်မှုကဏ္ဍတွင်အားလုံးနီးပါးတိုးတက်ကောင်းမွန်ခဲ့ကြောင်း၊ အထူးသဖြင့်စက်မှုကုန်ထုတ်လုပ်ငန်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းများတိုးတက်ခဲ့ကြောင်း၊ ဟိုတယ်နှင့် စားသောက်ကုန်လုပ်ငန်းများသည် လပေါင်းများစွာ မှေးမှိန်နေရာမှ ပထမအကြိမ်အဖြစ် တိုးတက်ကောင်းမွန်ခဲ့ကြောင်း၊ လက်လီလက်ကားကုန်သွယ်မှု၊ မြေအိမ်ရာ အဆောက် အအုံကဏ္ဍများလည်း တိုးတက်မှုအရှိန် မြင့်တက်ခဲ့ကြောင်းသိရှိရပါသည်။

  ကမ္ဘာ့စီးပွားရေးပြန်လည်နာလန်ထူလာခြင်း၊ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုနှင့်ခရီးသွားလုပ်ငန်းပြန်လည်ကောင်းမွန်လာခြင်း၊မြန်ဆန်သော အစိုးရသုံးစွဲမှုနှင့် ရင်းနှီးမြှုပ်နှံမှု၊ ကား ထုတ်လုပ်ရောင်းချမှုတိုးတက်လာခြင်း၊ ရေနံဈေးနှုန်းများကျဆင်းခြင်း စသည့်အချက်များနှင့် လိုက်လျောညီထွေစွာ ထိုင်းနိုင်ငံ၏စီးပွားရေးတိုးတက်မှုနှုန်းသည် ၂၀၁၅ ခုနှစ်၌ ၃၅ ဒသမ ၅ ရာခိုင်နှုန်းမှ ၄ ဒသမ ၅ ရာခိုင်နှုန်းအတွင်း ဖြစ်ဖွယ်ရှိကြောင်း NESDB မှ ခန့်မှန်းထားပါသည်။

  သို့ရာတွင် ဆုံးရံှုးနိုင်ခြေရှိမှု အခြေအနေများနှင့် ကန့်သတ်ချက်များရှိနေပါသည်။ ကမ္ဘာ့လယ်ယာထွက်ကုန်ဈေးနှုန်းများ ပြန်လည်ကောင်းမွန်လာမည့် အရိပ်အယောင် ကို ပြတ်ပြတ်သားသားမတွေ့ရသေးခြင်း၊ ကမ္ဘာ့စီးပွားရေးအခြေအနေပြောင်းလဲမှု အလွန်မြင့်မားခြင်း၊ အဓိကကုန်သွယ်ဖက်နိုင်ငံများ၌ငွေကြေးတန်ဖိုးကျဆင်းမှုကို ရင် ဆိုင်နေရခြင်းစသည်တို့သည် ထိုင်းနိုင်ငံ၏ စီးပွားရေးတိုးတက်မှုအတွက် အကန့်အသတ်များကို ဖြစ်ပေါ်စေနိုင်ပါသည်။

  သက်ဆိုင်ရာအာဏာပိုင်များ အနေဖြင့်စီးပွားရေးကိုမြှင့်တင်ရန် ငွေကြေးမူဝါဒကိုအသုံးပြုရန်လို/မလိုကို စဉ်းစားရမည့်အချိန်ဖြစ်နေကြောင်း၊ စင်ကာပူ၊ တရုတ်နိုင်ငံတို့ သည် ငွေကြေးဖောင်းပွမှုနှုန်းနိမ့်နေခြင်းကိုတုံ့ပြန်ရန် ၎င်းတို့၏မူဝါဒအတိုးနှုန်းကို ဖြေလျှော့ (လျှော့ချ) ပေးပြီးဖြစ်ကြောင်းသိရှိရပါသည်။

ရီရီမွန်၊ စီးပွားရေးသံမှူး

မြန်မာသံရုံး၊ ဘန်ကောက်မြို့