အမေရိကန်နိုင်ငံ၏ ပြည်ပပို့ကုန် ပဉ္စမမြောက်နှစ်အဖြစ်ဆက်တိုက်တိုးတက်

   ၂၀၁၄ ခုနှစ်၌ အမေရိကန်နိုင်ငံ၏ ကုန်စည်နှင့်ဝန်ဆောင်မှုနှစ်ရပ်ပေါင်း ပို့ကုန်သည် ဒေါ်လာ ၂ ဒသမ ၃၅ ထရီလီယံဖြစ်၍ ပဉ္စမမြောက်နှစ်အဖြစ် ဆက်တိုက်တိုးတက် ခဲ့ကြောင်း ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကဖေဖော်ဝါရီ ၅ ရက်က ထုတ်ပြန်ကြေညာခဲ့ပါသည်။

   ၂၀၁၄ ခုနှစ်တွင် အမေရိကန်နိုင်ငံ၏ ကုန်စည်ပို့ကုန်သည် ၂ ဒသမ ၇ ရာခိုင်နှုန်းတိုးတက်သဖြင့် ဒေါ်လာ၁ ဒသမ ၆၄ထရီလီယံဖြစ်ပါသည်။ အဓိကပို့ကုန်များမှာ အရင်းအနှီး ကုန်စည်များ၊ လူသုံးကုန်များ၊ ရေနံထွက်ပစ္စည်းများ၊ အစားအစာ၊ တိရစ္ဆာန်အစာ၊ အဖျော်ယမကာ၊ မော်တော်ယာဉ် နှင့် မော်တော်ယာဉ်အစိတ်အပိုင်းများဖြစ်ပါသည်။ ဝန်ဆောင် မှုပို့ကုန်တန်ဖိုးသည်လည်း ဒေါ်လာ ၇၁၀ ဒသမ ၃ဘီလီယံဖြစ်ပြီး ခရီးသွားလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်မှ ဝင်ငွေများနှင့် ဘဏ္ဍာရေး ဝန်ဆောင်မှုလုပ်ငန်းများတွင် တိုးတက်ခဲ့ပါသည်။

   အမေရိကန်နိုင်ငံတွင် ပို့ကုန်လုပ်ငန်းသည် အလုပ်အကိုင် ၁၁ ဒသမ ၃သန်းခန့်နှင့် ၂၀၀၉ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်းနှစ်စဉ်စီးပွားရေးတိုးတက် မှု၏သုံးပုံတစ်ပုံခန့်ကို ဖန်တီးပေးကြောင်းသိရှိရပါသည်။

အေးစန္ဒာလွင်၊ စီးပွားရေးသံမှူး၊

မြန်မာသံရုံး၊ ဝါရှင်တန်မြို့