ဇိမ်ခံရွက်လှေထုတ်လုပ်မှုလုပ်ငန်းအတွက် တောင်ကိုရီးယားအစိုးရ ဝမ်တစ်ဘီလီယံရင်းနှီးမြှုပ်နှံမည်

   ကမ္ဘာ့တန်းဝင် ဇိမ်ခံရွက်လှေ ထုတ်လုပ်မှုလုပ်ငန်းကို ဝင်ရောက်သွား နိုင်စေရန်အတွက် ကိုရီးယားအစိုးရက ဒေသခံသင်္ဘောကျင်းငယ်လေးများကို ကူညီပေးသည့်အနေဖြင့် ၂၁ ဘီလီယံ ဝမ် (ဒေါ်လာ ၁၉ ဒသမ ၄ သန်း) အား ယင်းလုပ်ငန်းနယ်ပယ်တွင် သုတေသနလုပ်ငန်းများဆောင်ရွက်ရန်  ငါးနှစ်စီမံကိန်းတစ်ရပ်ချမှတ်ပေးခဲ့သည်။ ယခု နှစ် တစ်နှစ်တည်းပင် ယင်းရွက်လှေများတည်ဆောက်မည့် နည်းပညာကိုလေ့လာရန် ဝမ်တစ်ဘီလီယံ စတင်သုံးစွဲမည်ဖြစ်ကြောင်း သမုဒ္ဒရာနှင့် ငါးဖမ်းလုပ်ငန်းဝန်ကြီးဌာန က ပြောကြားခဲ့သည်။

   မကြာသေးမီနှစ်များက ကမ္ဘာပေါ်တွင် ပေ ၁၀၀ အရှည်ရှိသော ရွက်တိုက်လှေများ လိုအပ်ချက် ၁၀ ရာခိုင်နှုန်းတိုးလာခဲ့သည်။ ယင်းပေ ၁၀၀ ရှည်ရွက်လှေသည် မူလတန်ဖိုး အားဖြင့် ၁၀ ဘီလီယံဝမ်ခန့်ဖြစ်ပြီး၊ ၂၀၁၃ ခုနှစ် တွင် ဈေးကွက်တွင်းတန်ဖိုး ၃ ဒသမ ၈ ထရီလီယံဝမ်အထိတက်သွားခဲ့သည်။ ကိုရီးယားသည် ကုန်တင်ရေယာဉ်ကြီးများ တည်ဆောက်ရာတွင် ရှေ့ပြေးဖြစ်သော်လည်း ဇိမ်ခံရွက်လှေတည်ဆောက် သည့်အပိုင်းတွင်အားနည်းနေသေးသည်။ ကမ္ဘာပေါ်ရှိ ဇိမ်ခံရွက်လှေဈေးကွက်အား လတ်တလော တွင် အီတလီ၊ ထိုင်ဝမ်နှင့် တရုတ်ကုမ္ပဏီများက အသာစီးရနေသဖြင့် ကိုရီးယားကုမ္ပဏီများ ဝင်ရောက်ယှဉ်ပြိုင်ရန်လွယ်ကူသည့်အနေအထားမဟုတ်နိုင်ပါ။

သန့်ဇင်၊ စီးပွားရေးသံမှူး

မြန်မာသံရုံး၊ ဆိုးလ်မြို့