အိန္ဒိယအစိုးရက ပြုပြင်ပြောင်းလဲမှုများကို အရှိန်မြှင့်ဆောင်ရွက်သွားမည်

   အိန္ဒိယအစိုးရက ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို   အရှိန်မြှင့်ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ဒါပေမယ့် ဘတ်ဂျက်မှာ  မျှော်လင့်ချက်များပေးပြီး ဆောင်ရွက်သွားမယ့်ဆန္ဒ မရှိကြောင်း  ဇန်နဝါရီ ၂၂ ရက်က အိန္ဒိယဘဏ္ဍာရေးဝန်ကြီး အရန်ဂျိတ်တလေရဲ့ပြောကြားချက်ကိုကိုးကားပြီး ndtv ဝက်ဘ်ဆိုက်မှာ ဖော်ပြပါတယ်။

   ''ကျွန်တော်က မျှော်လင့်ချက်တွေ ပေးနေတာ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ကအရှိန်အဟုန် မြှင့်ပြီး ဆောင်ရွက်နေပါတယ်။ ဘတ်ဂျက်ဆိုတာက တစ်ရက်နဲ့ပြီးပြတ် တဲ့ကိစ္စ မဟုတ်ဘူး။ တစ်နှစ်မှာ နောက်ထပ် ၃၆၄ ရက်စာ  ကျန်သေးတယ်ဆိုတာကို ကျွန်တော်ပြောခဲ့ပြီးဖြစ်ပါတယ်''လို့ မစ္စတာဂျိတ် တလေကပြောပါတယ်။

   ယခုနှစ်ထဲမှာ  တစ်ချိန်မဟုတ်   တစ်ချိန်မှာ အစိုးရက  ပြုပြင်ပြောင်းလဲရေးတွေ  ဆောင်ရွက်ပေးမယ်ဆိုတာကို အစိုးရက လွန်ခဲ့တဲ့လအနည်းငယ်ကတည်းက  ပြောထား ပြီးဖြစ်ကြောင်း ကမ္ဘာ့စီးပွားရေး ဖိုရမ် (World Economic Forum-WEF) ဆွေးနွေးပွဲမှာပြုလုပ်တဲ့ အလွတ်သဘောတွေ့ဆုံပွဲမှာ သူက ပြောကြားပါတယ်။

   ပြည်ထောင်စုဘတ်ဂျက်ကို ဖေဖော်ဝါရီ ၂၈ ရက်ကိုရွေးပြီး တင်သွင်းခြင်းနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ  တိုက်ဆိုင်မှုသာဖြစ်ကြောင်း သူကပြောကြားပါတယ်။ ဘတ်ဂျက် ကို ဖေဖော်ဝါရီ ၂၈ ရက်မှာ တင်သွင်းခြင်းမှာ အစဉ်အလာဖြစ်ကြောင်း သူကပြောတယ်။

   ဘတ်ဂျက်ကိုတင်သွင်းပြီးနောက် တနင်္လာနေ့မှာ ဆန္ဒပြချီတက်ပွဲဖြစ်နိုင်ပါသလားဆိုတဲ့ မေးခွန်းကိုဖြေကြားရာမှာဈေးကွက်ကသာဆုံးဖြတ်ရမယ့်ကိစ္စဖြစ်ကြောင်း သူက ပြော ပါတယ်။

ဉာဏ်တင်