G20 နိုင်ငံများ၏ ပို့ကုန်ဆိုင်ရာကန့်သတ်ချက်အများအပြား ကျန်ရှိနေဆဲဖြစ်ကာအစားအစာနှင့်ဓာတ်မြေဩဇာ များလည်းပါဝင်ကြောင်း G20 ကုန်သွယ်မှုစောင့်ကြည့်ရေး အစီရင်ခံစာကဖော်ပြထား
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလလယ်မှ ၂၀၂၃ ခုနှစ်၊ မေလလယ်ထိကာလများတွင် G20 နိုင်ငံ များသည် ကုန်စည်ကုန်သွယ်မှုအပေါ် ကန့်သတ်သည့်အစီအမံများ ထက်လွယ်ကူချောမွေ့စေရေး အစီအမံများကို ထည့်သွင်းခဲ့သော်လည်း အစားအစာ၊ တိရစ္ဆာဆန်အစာနှင့် ဓာတ်မြေဩဇာများ တင်ပို့မှုအပေါ်တွင်မူကန့်သတ်ချက်များ ရှိနေဆဲဖြစ်ပါသည်။
G20 နိုင်ငံများ၏ ကုန်သွယ်မှုဆိုင်ရာ အစီအမံများနှင့်ပတ်သက်၍ ဇူလိုင် (၄) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ကုန်သွယ်မှုစောင့်ကြည့်ရေး အစီရင်ခံစာက ယူကရိန်း စစ်ပွဲ၊ ကိုဗစ်-၁၉ နောက်ဆက်တွဲဆိုးကျိုးများ၊ ရာသီဥတုပြင်းထန်ခြင်းနှင့် အစားအစာနှင့် စွမ်းအင် ဈေးနှုန်းများမြင့်မားခြင်းသည် ကမ္ဘာ့ကုန်သွယ်မှုတွင် မရေရာမသေချာမှုများကို ဖြစ်စေနိုင်ကြောင်း ဖော်ပြထားပါသည်။
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် Dr. NgoziOkonjo- Lweala က ပြီးခဲ့သည့် (၃) နှစ် အတွင်းဖြစ်ပွားခဲ့သော ကုန်သွယ်မှုပြတ်တောက်ခြင်းများသည် စီးပွားရေးအာမခံချက်ရှိသည့် မူဝါဒ များချမှတ်ရေးကို ပိုမိုဆွေးနွေးစေခဲ့ကြောင်း ၊ နိုင်ငံစုံကုန်သွယ်မှုစနစ်ကိုအားပေးသည့် ပွင့်လင်းသော ကမ္ဘာ့ကုန်သွယ်မှုသည် စီးပွားရေးအာမခံချက်အတွက် တွန်းအားတစ်ခုဖြစ်ပြီး ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ဝင်များအနေဖြင့် အစားအစာ၊ ဆေးဘက်ဆိုင်ရာ အထောက်အပံ့ပစ္စည်းများနှင့် အခြားလိုအပ် သောပစ္စည်းများကို ပိုမိုကောင်းမွန်စွာထုတ်လုပ်ရန် နားလည်ခဲ့ကြောင်း၊ G20 နိုင်ငံများ၏ ငွေကြေး ဖောင်းပွမှုဆိုင်ရာ ဖိအားပေးမှုများကို တွန်းလှန်နိုင်ရန်နှင့် သွင်းကုန်လွယ်ကူချောမွေ့စေရေး လုပ်ဆောင်ချက်များကို ကြိုဆိုပါကြောင်း၊ ပြောကြားခဲ့ပါသည်။
ဆက်လက်၍ G20 နိုင်ငံများက ကုန်သွယ်မှုကန့်သတ်မှု အစီအမံများကို ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ရန်နှင့် ပွင့်လင်းမြင်သာပြီး အပြန်အလှန်အကျိုးရှိသော ကုန်သွယ်မှုကို ဦးဆောင် ကျင့်သုံးမှသာ လက်ရှိအချိန်နှင့် (၁၃) ကြိမ် မြောက်ဝန်ကြီးများ အဆင့်ညီလာခံတွင် အရေးကြီး သောရလဒ်များ ထွက်ပေါ်လာနိုင်မည်ဖြစ်ကြောင်းကိုလည်း မှတ်ချက်ပြုပြောကြားခဲ့ပါသည်။
အစီရင်ခံစာအရ ကမ္ဘာ့ကုန်သွယ်မှုပမာဏသည် ၂၀၂၂ ခုနှစ်တွင် ၂.၇ ရာခိုင်နှုန်းမှ ၂၀၂၃ ခုနှစ်တွင် ၁.၇ ရာခိုင်နှုန်းထိ လျော့ကျနိုင်ပြီး၊ ၂၀၂၄ ခုနှစ်တွင် ၃.၂ ရာခိုင်နှုန်းထိ တိုးလာနိုင်မည်ဟု မျှော်လင့်ရပါသည်။
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်များသည် ကမ္ဘာ့ကူးစက်ရောဂါဖြစ်ပွားမှုကြောင့် ပို့ကုန်ဆိုင်ရာ ကန့်သတ်ချက်အသစ်များကို ၂၀၂၀ ခုနှစ်မှ စတင်ကျင့်သုံးခဲ့ကြပြီး ယူကရိန်းစစ်ပွဲ၊ စားနပ်ရိက္ခာ ဖူလုံရေးအကျပ်အတည်းတို့ကြောင့် ဆက်လက်ကျင့်သုံးခဲ့ကြောင်း အစီရင်ခံစာက ထောက်ပြထား သည်။
၂၀၂၃ ခုနှစ်၊ မေလလယ်စာရင်းများအရ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်များသည် ယူကရိန်းစစ်ပွဲ စတင်ဖြစ်ပွားကတည်းက အစားအစာ၊ တိရစ္ဆာန်အစာနှင့် ဓာတ်မြေဩဇာ ပို့ကုန်များအပေါ် ကန့်သတ်ချက် (၁၀၁) ခုကို ကျင့်သုံးခဲ့ပြီး တဖြည်းဖြည်းဖြေလျှော့ခဲ့ရာ (၆၃) ခု ကျန်ရှိနေသေး ကြောင်း၊ ကိုဗစ်-၁၉ နှင့် ပတ်သက်သည့် ပို့ကုန်အပေါ်ကန့်သတ်ချက် (၂၁) ခုမှာ ဆက်လက် အာဏာတည်ဆဲဖြစ်ကြောင်း၊ ယင်းတို့အနက်အစားအစာ၊ တိရစ္ဆာန်အစာနှင့်ဓာတ်မြေဩဇာ ပို့ကုန် အပေါ်ကန့်သတ်ချက် (၁၉) ခုနှင့် ကမ္ဘာ့ကူးစက်ရောဂါနှင့် ဆက်စပ်သောပစ္စည်းများ ပို့ကုန်အပေါ် ကန့်သတ်ချက် (၁၂) ခုကို G20 နိုင်ငံများက ဆက်လက်ကျင့်သုံးလျက်ရှိကြောင်း၊ ခွဲတမ်း (quotas) နှင့် လိုင်စင်သတ်မှတ်ချက်များကဲ့သို့သော ကုန်သွယ်မှုဆိုင်ရာ ကန့်သတ်ချက်များကို အကျပ် အတည်းကာလ (၂) ခုစလုံးတွင် စတင်ကျင့်သုံးခဲ့ကြောင်းတို့ကို ဖော်ပြထားပါသည်။
အစီရင်ခံစာပြုစုစဉ်ကာလအတွင်း G20 နိုင်ငံများသည် ကုန်စည်ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး အစီအမံသစ် (၇၇) ခုနှင့် တားမြစ်ကန့်သတ်ရေးအစီအမံ (၄၁) ခုကို စတင်ချမှတ်ခဲ့ပြီး အများစု သည် သွင်းကုန်ဆိုင်ရာ အစီအမံများပင်ဖြစ်ကြောင်း၊ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး အစီအမံ များကြောင့် G20 ၏ ကုန်သွယ်မှုရငွေမှာ အမေရိကန်ဒေါ်လာ ၆၉၁.၉ ဘီလီယံခန့်နှင့် ကုန်သွယ်မှုကန့်သတ်နည်းလမ်းများကြောင့် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၈၈.၀ ဘီလီယံ ခန့်ရှိကြောင်း ဖော်ပြထားပါသည်။
ယေဘုယျအားဖြင့် ကမ္ဘာလုံးဆိုင်ရာ ငွေကြေးအကျပ်အတည်းကာလကတည်းက G20 နိုင်ငံများ ချမှတ်ခဲ့သောသွင်းကုန်ဆိုင်ရာ ကန့်သတ်ချက်များကိုပြန်လည်လျှော့ချမည့် လက္ခဏာမတွေ့ရှိရ ကြောင်း၊ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် G20 သွင်းကုန်များ၏ ၁၁.၁ ရာခိုင်နှုန်းသည် ၂၀၀၉ ခုနှစ် ကတည်းကချမှတ်ခဲ့သည့် သွင်းကုန်ဆိုင်ရာကန့်သတ်ချက်များ၏ အကျိုးသက်ရောက်မှုရှိနေဆဲ ဖြစ်ကြောင်းအစီရင်ခံတွင် ဖော်ပြထားပါသည်။
ဆက်လက်၍ ကုန်သွယ်ရေးကုစားမှုနည်းလမ်းများသည် G 20 နိုင်ငံအများစုအတွက် အရေးကြီး သော ကုန်သွယ်မှုမူဝါဒတစ်ရပ်အဖြစ် ဆက်လက်တည်ရှိနေပြီး ကိုဗစ်-၁၉နှင့် မသက်ဆိုင်သည့် ကုန်စည်ကုန်သွယ်မှုနည်းလမ်းများ၏ ၅၂ % မှာ ကုန်သွယ်ရေးကုစားမှု နည်းလမ်းများ ကျင့်သုံး ကြောင်း ၊ ကုန်သွယ်ရေးကုစားမှု နည်းလမ်းများအနက် စုပုံတင်သွင်းခြင်းကို တားဆီးခြင်း (Anti-dumping) သည် အများဆုံးကျင့်သုံးသော နည်းလမ်းဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ်မှစ၍ ကုန်သွယ်ရေး ကုစားမှုပြဿနာများ ကျဆင်းခဲ့ခြင်းသည် G20 နိုင်ငံများတွင် ကုန်စည်များအပြည့် ဖြစ်နေကြောင်းနှင့် ကုန်စည်အများစုကို အလွယ်တကူရရှိနိုင်ကြောင်းကို ဖော်ပြနေသည်ဟု ရေးသားထားပါသည်။
အစီရင်ခံစာ ပြုစုစဉ်ကာလအတွင်း G20 နိုင်ငံများမှ ဝန်ဆောင်မှုကုန်သွယ်ရေးနှင့် ပတ်သက်၍ အစီအမံသစ် ၃၄ ခုကို စတင်ကျင့်သုံးခဲ့ပြီး၊ အများစုမှာ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များဖြစ်ကြောင်း (ဥပမာ - ဝန်ဆောင်မှုပေးသူ တစ်ဦးမှ ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ဝင်အခြားနိုင်ငံတွင် စီးပွားရေးလာရောက် လုပ်ကိုင်ခြင်း)၊ တခြားတစ်ဖက်တွင်လည်း ကုန်သွယ်မှု ကန့်သတ်ချက်များကို ဖြစ်ပေါ်စေနိုင်ကြောင်း (ဥပမာ - ဆက်သွယ်ရေးဝန်ဆောင်မှုများအပေါ် အကျိုးသက်ရောက်စေမည့် အစီအမံများ၊ အသစ် (သို့မဟုတ်) ပြင်ဆင်ထားသော နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုစိစစ်ရေးမူဝါဒများ) ဖြစ်ကြောင်း ၊ G20 နိုင်ငံများမှ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုလျှော့ချ ရေးအစီအစဉ်များ၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်လုပ်မှုစီမံချက်များ၊ စွမ်းအင်ထိရောက်စွာ အသုံးချနိုင်ရေးနှင့် ကာဗွန်ထုတ်လွှတ်မှု လျှော့ချနိုင်ရေးဆိုင်ရာ ပံ့ပိုးပေးရေး ကိစ္စရပ်များအပါအဝင် စီးပွားရေးထောက်ပံ့မှု အစီအမံသစ်များစွာကို ကျင့်သုံးခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထား ပါသည်။
Source: https://www.wto.org/english/news_e/news23_e/trdev_04jul23_e.htm