၂၀၂၂ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၏ ပဲစဉ်းငုံစိုက်ပျိုးဧရိယာ၂၁.၇ ရာခိုင်နှုန်းကျဆင်းခဲ့
အိန္ဒိယနိုင်ငံ၏ ပဲစဉ်းငုံစိုက်ပျိုးဧရိယာမှာ ပြီးခဲ့သည့်လေးနှစ်အတွင်း တစ်နှစ်လျှင် ပျမ်းမျှဟက်တာ ၆၀၀,၀၀၀ ရှိခဲ့ရာမှ ၂၀၂၂ ခုနှစ်တွင် ဟက်တာ ၄၇၀,၀၀၀ သို့ ၂၁.၇ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ ထိုသို့အကြောင်းရင်းမှာ တောင်သူလယ်သမားများက စိုက်ပျိုးချိန်မှာ ၆ လ ရှိသော ပဲစဉ်းငုံအစား စိုက်ပျိုးချိန်မှာ ၃ လ မှ ၄ လသာရှိသည့် ပဲပုပ်၊ မတ်ပဲနှင့် ပဲနောက်စိမ်းကဲ့သို့သော သီးနှံများအစားထိုး စိုက်ပျိုးလာခြင်းကြောင့်ဖြစ်ပါသည်။ ကာလတိုသီးနှံများနှင့်အတူ အိန္ဒိယတောင်သူလယ်သမားများက ဆောင်းတွင်းကာလစိုက်ပျိုး ရာသီအတွင်း နှံစားပြောင်းကဲ့သို့ဒုတိယသီးနှံကို စိုက်ပျိုးထုတ်လုပ်နိုင်ကြပါသည်။ အိန္ဒိယနိုင်ငံ၏ဆောင်းသီးနှံများကို အောက်တိုဘာလမှ ဒီဇင်ဘာလအထိကာလတွင် စိုက်ပျိုးကြပြီး နွေရာသီဖြစ်သော ဧပြီလမှ ဇွန်လအထိကာလ၌ ရိတ်သိမ်းကြပါသည်။ ၎င်းကာလတွင် စိုက်ပျိုးလေ့ ရှိသော ကောက်ပဲသီးနှံများမှာ ဂျုံ၊ မုယောစပါးနှင့် မုန်ညှင်းကဲ့သို့သော ကောက်ပဲသီးနှံများနှင့်အလားတူ ဖြစ်ပါသည်။
အိအိဖြူ
ဒု-ဦးစီးမှူး
ကုန်သွယ်ရေးဦးစီးဌာန