အာရေးဗီကားနှင့် ရိုဘတ်စတာကော်ဖီများကို တစ်နှစ်လျှင် ပျမ်းမျှ တန်ချိန် ၇၀ဝ၀ ခန့် ထုတ်လုပ်လျက်ရှိ

ပြည်တွင်း၌ အာရေးဗီကားနှင့်ရိုဘတ် စတာကော်ဖီများကို  တစ်နှစ်လျှင်   ပျမ်းမျှ တန်ချိန် ၇၀ဝ၀ ခန့် ထုတ်လုပ်လျက်ရှိကြောင်း မြန်မာနိုင်ငံကော်ဖီအသင်းမှ သိရသည်။
နှစ်စဉ်  ပြည်ပပို့ကုန်အနေဖြင့် ပျမ်းမျှ တန်ချိန် ၈၀ဝ မှ ၁၀ဝ၀ ကြားရှိပြီး  အာရှနိုင်ငံ များ၊ အမေရိကန်နိုင်ငံနှင့် အီးယူနိုင်ငံများသို့ တင်ပို့လျက်ရှိကာ    အီးယူနိုင်ငံများအနက် ဘယ်လ်ဂျီယံနိုင်ငံသို့   အများဆုံး တင်ပို့နေ ခြင်းဖြစ်သည်။
မြန်မာ့ကော်ဖီများကို ကမ္ဘာ့ဈေးကွက် တွင် ယခုထက်ပို၍ ထိုးဖောက်နေရာယူနိုင် စေရန်နှင့် မြန်မာနိုင်ငံကို ကော်ဖီ အမြောက် အမြားတင်ပို့သော      နိုင်ငံတစ်နိုင်ငံအဖြစ် အသိအမှတ်ပြုလာစေရန်အတွက် စီမံချက် ရေးဆွဲ   ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းအတွက်   စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့် လက်ရှိတွင် ပြည်တွင်း၌  ကော်ဖီ တိုးချဲ့စိုက်ပျိုးရန် လုပ်ဆောင်နေပြီး  ၂၀၂၃- ၂၀၂၄ဘဏ္ဍာနှစ်မှစတင်ကာ  ငါးနှစ်အတွင်း ကော်ဖီစိုက်ဧက သုံးသိန်း တိုးချဲ့စိုက်ပျိုးနိုင်ရေး စီမံချက်ရေးဆွဲကာ  အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။ ကုန်းမြင့်ကော်ဖီဖြစ်သော   အာရေးဗီး ကား ကော်ဖီ(Arabica Coffee)ကို  ဇုန်လေးခု ခွဲပြီး ဧက  နှစ်သိန်း၊  မြေနိမ့်ကော်ဖီဖြစ်သော ရိုဘတ်စတာကော်ဖီ (Robusta Coffee) ကို ဇုန် သုံးခုခွဲပြီး ဧက   တစ်သိန်း၊    စုစုပေါင်း ကော်ဖီ စိုက်ဧက    သုံးသိန်း  တိုးချဲ့စိုက်ပျိုး သွားမည်ဖြစ်ကြောင်း သိရသည်။
အာရေးဗီကားကော်ဖီ (Arabica Coffee) စိုက်ပျိုးမည့်ဇုန် လေးခုအနက်၊   ဇုန် ( ၁ )တွင်   ပြင်ဦးလွင်၊ မိုးကုတ်နှင့် နောင်ချို၊ ဇုန်(၂)တွင်  ရွာငံ၊ ပင်းတယနှင့် နောင်တရား၊ ဇုန်(၃)တွင်   ဟိုပုံး၊ ဟဲဟိုး၊   ပင်လောင်းနှင့် မဲနယ် တောင်တန်းဒေသများ၊    ဇုန်(၄)တွင် ကျိုင်းတုံ၊ တာချီလိတ်   စသည့်   ဒေသများ ပါဝင်ကြောင်း သိရသည်။
အလားတူ ရိုဘတ်စတာကော်ဖီ (Robusta Coffee)ကိုလည်း ဇုန်သုံးခုဖြင့်   စိုက် ပျိုးသွားမည်ဖြစ်ပြီး တနင်္သာရီတိုင်းဒေသကြီး တွင် ဇုန်(၁)၊   ဧရာဝတီတိုင်းဒေသကြီးတွင် ဇုန်(၂)၊ ကရင်ပြည်နယ်တွင် ဇုန်(၃)  စသည် ဖြင့် သတ်မှတ်ဖော်ဆောင်ကာ ကော်ဖီပင် များ တိုးချဲ့စိုက်ပျိုးသွားမည်ဖြစ်သည်။
ထို့ပြင် မြန်မာနိုင်ငံ၏ရေမြေသဘာဝ နှင့် ရာသီဥတုအခြေအနေများ၊  Cupping results များ မြင့်မားကောင်းမွန်မှုအရ အထူး တန်းဝင်  အရည်အသွေးမြင့်  Specialty Coffee များကိုလည်း   ၂၀၁၄-၂၀၁၅ ခုနှစ် ခန့်မှ  စတင်ကာ ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရသည်။
Specialty Coffee ကို ဂျပန်၊ကိုရီးယား၊ အမေရိကန်နိုင်ငံနှင့် အီးယူနိုင်ငံများသို့ တင် ပို့နေပြီး  လက်ရှိတွင် ဂျာမနီနိုင်ငံသို့ ဆက် လက်    တင်ပို့နိုင်ရန်အတွက်    ချိတ်ဆက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။