ကမ္ဘာ့ဘဏ်က ထိုင်းနိုင်ငံ၏ GDP တိုးတက်မှုနှုန်းအား တိုးမြှင့်ခန့်မှန်း

      ကမ္ဘာ့ဘဏ်အနေဖြင့် ထိုင်းနိုင်ငံ၏စီးပွားရေး တိုးတက်မှု အပေါ် အကောင်းဘက်မှ ရှုမြင်ပြီး ယခုနှစ်အတွက် တိုးတက်မှု နှုန်းအား ၃ဒသမ ၅ ရာခိုင်နှုန်းသို့ လည်းကောင်း၊၂၀၁၈ ခုနှစ် အတွက် တိုးတက်မှုနှုန်းအား ၃ဒသမ ၆ ရာခိုင်နှုန်းသို့ လည်းကောင်း အသီးသီး တိုးမြှင့်ခန့်မှန်းထားကြောင်း၊ ပထမနှစ်ဝက်အတွင်း ပို့ကုန်နှင့် ခရီးသွားလာမှု လုပ်ငန်းများမှာ မူလမျှော်မှန်းထားသည်ထက် ပိုမိုအားကောင်းခဲ့၍ ဖြစ်ကြောင်း ဖော်ပြထားပါသည်။ထိုင်းနိုင်ငံ အတွက် ယခုနှစ်နှင့် လာမည့်နှစ်တို့တွင် စီးပွားရေး တိုးတက်လာ မည်ဟု ရှုမြင်ကြောင်း၊ လတ်တလောတွင်စီးပွားရေး ဖွံ့ဖြိုးတိုး တက်မှု အရှိန်အဟုန်ရနေကြောင်း၊ ကမ္ဘာ့ဘဏ်၏ ထိုင်းနိုင်ငံ အတွက် အကြီးတန်း ဘောဂဗေဒပညာရှင် မစ္စတာ ကိုင်တီပေါင်က ပြောကြားခဲ့ပါသည်။
ဧပြီလတွင် ဝါရှင်တန်အခြေစိုက် ငွေချေးသူများအဖွဲ့က ထိုင်းနိုင်ငံ၏GDP  တိုးတက်မှုနှုန်းကို ယခုနှစ်အတွက် ၃ ဒဿမ ၂ ရာခိုင်နှုန်းနှင့် ၂၀၁၈ ခုနှစ် အတွက် ၃ ဒဿမ ၃ ရာခိုင်နှုန်း အသီးသီး ခန့်မှန်းထားကြောင်း၊ ယခု ပြင်ဆင်တိုးမြှင့် ခန့်မှန်းချက်သည် ထိုင်း နိုင်ငံ ဗဟိုဘဏ်၏ စံသတ်မှတ်ချက်များအပေါ် အခြေခံခန့်မှန်းခြင်း ဖြစ်ပြီး ထိုင်းနိုင်ငံ ငွေကြေးမူဝါဒရုံးက ခန့်မှန်းထားသည့် ၃ ဒဿမ ၆ ရာခိုင်နှုန်းနှင့် ထိုင်းနိုင်ငံ အမျိုးသား စီးပွားရေးနှင့် လူမှုဖွံ့ဖြိုး တိုးတက်ရေး ဘုတ်အဖွဲ့(NESDB)  က ခန့်မှန်းထားသည့်၃ ဒဿမ ၅ ရာခိုင်နှုန်း - ၄ ရာခိုင်နှုန်းတို့ထက် အနည်းငယ် လျော့နည်းကြောင်း၊ ပထမ  ခြောက်လပတ်အတွင်း ထိုင်းနိုင်ငံ၏ ကုန်စည်တင်ပို့မှုနှင့် ခရီးသွားလာမှု အားကောင်းလာခြင်းသည် တိုးတက်မှုနှုန်း မြှင့် တင်ရန် အခြေခံအချက်ဖြစ်ခဲ့ကြောင်း မစ္စတာ ကိုင်တီပေါင်က ရှင်းလင်းပြောကြားပါသည်။ ယခုနှစ် စီးပွားရေး တိုးတက်မှုသည် ပြည်ပဝယ်လိုအား မြင့်တက်လာခြင်းနှင့် လယ်ယာစိုက်ပျိုးရေး ကဏ္ဍ တိုးမြှင့်လာမှုတို့၏ တွန်းအားကြောင့် ဖြစ်ခဲ့ကြောင်း၊ ပြည် တွင်း ဝယ်လိုအားမှာမူ ၂၀၁၈ ခုနှစ်ရောက်မှသာ မိသားစုဝင်ငွေ တိုးတက်ပြီး ဖွံ့ဖြိုးလာနိုင်ကြောင်း ထပ်လောင်းပြောကြားခဲ့ပါသည်။
ထိုင်းနိုင်ငံ၏ ကုန်စည်နှင့် ဝန်ဆောင်မှု တင်ပို့မှုအား ယခုနှစ်တွင်၂၀၁၆ ခုနှစ် ကရှိခဲ့သည့် တိုးတက်မှုနှုန်း ၂ ဒသမ ၁ ရာခိုင်နှုန်းထက် ပိုမိုပြီး ၂ ဒဿမ ၂ ရာခိုင်နှုန်း ရရှိလာမည်ဟု မူလက ကမ္ဘာ့ဘဏ်က ခန့်မှန်းခဲ့ကြောင်း၊ ပြည်ပဝယ်လိုအား တိုး တက်ခဲ့မှုကြောင့် ယခုနှစ် ပထမသုံးလပတ်နှင့် ဒုတိယသုံးလပတ် တို့တွင် စီးပွားရေး တိုးတက်မှုနှုန်း ၃ ဒ ဿမ ၃ ရာခိုင်နှုန်းနှင့် ၃ ဒဿမ ၇ ရာခိုင်နှုန်း အသီးသီး ရရှိခဲ့ကြောင်း၊ မူလ ခန့်မှန်းထားသည့် ဈေးကွက်ဝယ်လိုအားထက် ပိုမိုခဲ့ကြောင်း မစ္စတာကိုင်တီပေါင်က ပြောကြားပါသည်။
ကမ္ဘာ့ဘဏ်၏ စီးပွားရေး လုပ်ငန်းများအပေါ် သုတေသန ပြုချက်အရ လုပ်ငန်းရှင်များအနေဖြင့် နိုင်ငံရေး မတည်ငြိမ်မှုသည် အဓိက ကျသောအတားအဆီးဖြစ်ပြီး ရင်းနှီးမြှုပ်နှံသူများကို စိတ်ဝင်စားမှု ကျဆင်းစေခဲ့ကြောင်း ဖော်ပြထားပါသည်။

Source : Bangkok Post
သောင်းနိုင်၊ တာချီလိတ်