အိန္ဒိယပဲ ရက်သတ္တပါတ်

ဖေဖော်ဝါရီ ၂၀ ရက်က အဂရီဝပ်ချ်မှ ထုတ်ပြန်သော ပဲမျိုး စုံရက်သတ္တပတ်အစီရင်ခံစာတွင် အိန္ဒိယနိုင်ငံ၌  အစိုးရပဲမျိုးစုံ ဝယ်ယူဖြည့်တင်းမှု၊ ယခုနှစ်အတွက် ပဲထွက်ရှိမှုနှင့် ပဲမျိုးစုံဈေးနှုန်း အခြေအနေတို့ကို ဖော်ပြထားသည်။

ပဲမျိုးစုံ ဝယ်ယူဖြည့်တင်းမှု
ဗဟိုတွင်သိုလှောင်ထားသော ပဲမျိုးစုံကိုစတင်ရောင်းချရန် အစိုးရက အိန္ဒိယအစားအစာ ကော်ပိုရေးရှင်း (FCI) နှင့် အိန္ဒိယ အမျိုးသား လယ်ယာစိုက်ပျိုးရေးသမဝါယမ ဈေးကွက်ရှာဖွေရေး ဖက်ဒရေးရှင်း (Nafed)တို့ ကို ညွှန်ကြား ထားသည်။ အစိုးရက ကြားခံသိုလှောင်မှုအဖြစ် ပဲမျိုးစုံ တန်ချိန်သိန်း ၂၀ ဝယ်ယူသိုလှောင် ရန် လျာထားသည့်အနက် ယခုအချိန်အထိ အစိုးရအေဂျင်စီများက ပဲမျိုးစုံတန်ချိန် ၁၁ သိန်းကို ဝယ်ယူထားပြီးဖြစ်သည်။ ဝယ်ယူထား ရှိပြီး ပဲမျိုးစုံတန်ချိန် ၁၁သိန်းအနက် မိုးစိုက်သီးနှံကို ဝယ်ယူမှုက တန် ၆ သိန်းရှိသည်။ မကြာသေးမီက ပဲမျိုးစုံ ဝယ်ယူဖြည့်တင်းမှု အခြေအနေနှင့် အခြေခံစားသုံးကုန် ၂၂ မျိုးတို့၏ ဈေး နှုန်းအခြေအနေ များကို အတွင်းဝန် များကော်မတီ က ပြန်လည်သုံးသပ်ခဲ့သည်။ ဝယ်ယူထားပြီးဖြစ်သော ကုန်ပစ္စည်းများကို ပြန်လည်ရောင်းချပြီး အသစ်ဝယ်ယူဖြည့်တင်းမှုကို ဆက်လက်ဆောင်ရွက်ရန်ကော်မတီ က အေဂျင်စီများကို ညွှန်ကြားခဲ့သည်။ ထို့ပြင် လယ်ယာ စိုက်ပျိုး ရေးဈေးကွက် ကော်မတီအက်ဥပဒေ (APMC Act)  နှင့်အညီ ခရိုင် အသီးသီးရှိ  တောင်သူလယ်သမားများ အစိုးရ၏  အနိမ့်ဆုံး ထောက်ပံ့ဈေးနှုန်းကိုရရှိအောင် ဆောင်ရွက်ပေးရန် ပြည်နယ်များ သို့ ညွှန်ကြားထားသည်။

ပဲမျိုးစုံထုတ်လုပ်မှု
၂၀၁၆-၁၇ ခုနှစ်အတွက် ပဲမျိုးစုံထုတ်လုပ်မှု ဒုတိယအကြိမ် အကြိုခန့်မှန်းချက်ကို အစိုးရက ဖေဖော်ဝါရီ ၁၅ ရက်တွင် ထုတ် ပြန်ခဲ့သည်။ ကြိုတင် ခန့်မှန်းချက်အရ ယခုနှစ်ထုတ်လုပ်မှုမှာ မူလ လျာထားချက် ကို ကျော်လွန်ခဲ့ သည် ကို တွေ့ ရသည်။ ပဲစင်းငုံ ထုတ် လုပ်မှုမှာ မက်ထရစ်တန် ၄ ဒသမ ၂၃ သန်းရှိမည်ဟု ခန့်မှန်းထား ရာ မူလလျာထားချက်ထက် ၁၆ ဒသမ ၈၅ ရာခိုင်နှုန်းနှင့် ယခင်နှစ် ထုတ်လုပ်မှုဖြစ်သော မက်ထရစ်တန် ၂ ဒသမ ၅၆ သန်း ထက် ၆၅ ဒသမ ၂၃ ရာခိုင်နှုန်း ကျော်လွန်ခဲ့သည်။
ယခုနှစ် ကုလားပဲထုတ်လုပ်မှုမှာ မက်ထရစ်တန် ၉ ဒသမ ၁၂ သန်းရှိသည့်အတွက် မူလလျာထားချက်ဖြစ်သော မက်ထရစ် တန် ၉ ဒသမ ၆၀ သန်းနှင့် နှိုင်းယှဉ်ပါက ငါးရာခိုင်နှုန်း ကျဆင်း ခဲ့သည်။ သို့သော်လည်း ၂၀၁၆ ခုနှစ် က ထုတ်လုပ်မှုနှင့် နှိုင်းယှဉ် ပါက ၂၉ ဒသမ ၁၇ ရာခိုင်နှုန်းမြင့်မားခဲ့သည်။ သီးနှံများ၏ အခြေ အနေမှာလည်း ကောင်းမွန်လျက်ရှိပြီး နောက်ထပ် ပဲသစ်များ ကလည်း ယခုလကုန်အထိ ရောက်ရှိမည်ဟု ခန့်မှန်းထားသည်။ ပဲ အဝင်အမြင့်ဆုံးအချိန် ရောက်ပါက  ကုလားပဲဈေးသည် တစ် ကွင်တယ်ကို ရူပီး ၄၅၀၀ အထိ ကျဆင်းနိုင်သည်။
တင်သွင်းထားသော ကုလားပဲများကို ဆက် လက်ဈေးမကျမီ ပြန်လည်ရောင်းချမည်ဖြစ်သည့်အတွက်  လက်ရှိကုလားပဲဈေး ဆက်လက်တည်တံ့နေမည့် အလားအလာကို မတွေ့ရပေ။ အချို့ ဒေသများတွင် အချိန်အခါမဟုတ် မိုးရွာသွန်းမှုနှင့် နှင်းမုန်တိုင်း တိုက်ခတ်နေမှုတို့ကြောင့်   ယခုအချိန်အထိ   ပျက်စီးဆုံးရှုံးမှု အခြေအနေကို မသိရသေးသည့်တိုင် ဈေးနှုန်းမြင့်တက်မှုအတွက် အထောက်အကူဖြစ်စေခဲ့သည်။ လွန်ခဲ့သော ၁၀ ရက်အတွင်း အိန္ဒိယဆိပ်ကမ်းအသီးသီးသို့ ကုလားပဲ ကုန်သေတ္တာ ၁၀၀၀ မှ ၁၂၀၀ အထိ ရောက်ရှိခဲ့သည့်အတွက် ကုလားပဲဈေးမှာ လက်ရှိ နှုန်းအောက်သို့ ကျဆင်းနိုင်သည်။

ပဲမျိုးစုံတင်သွင်းမှု
ဖေဖော်ဝါရီ ၁၄ ရက်တွင် အိန္ဒိယပဲမျိုးစုံ တင် သွင်းသူများက မွမ်ဘိုင်းဆိပ်ကမ်း၌ ပဲမျိုးစုံကုန်သေတ္တာ ၂၆၇ လုံးကို တင်သွင်း ခဲ့သည်။ စုစုပေါင်း  တင်သွင်းသော ကုန်သေတ္တာများအနက် ကုလားပဲ ခွဲခြမ်းကုန်သေတ္တာမှာ ၁၈၈ လုံးရှိပြီး အများဆုံးဖြစ်သည်။ ဒုတိယအများဆုံးဖြစ်သော  ပဲစင်းငုံကုန်သေတ္တာမှာ ၂၅ လုံးရှိ သည်။ ပဲနီလေးကုန်သေတ္တာမှာ ၂၃ လုံး မတ်ပဲက  ၁၃ လုံးရှိပြီး ကျန်ပဲများမှာ စားတော်ပဲနှင့် ဘိုစားပဲတို့ဖြစ်ကြသည်။

ပဲမျိုးစုံဈေးနှုန်း
မွမ်ဘိုင်းဈေးကွက်တွင် ပဲစင်းငုံနီဈေးက တစ်ကွင်တယ်ကို ၄၁၇၅ ရူပီးဈေးဖြင့် ဈေးဖွင့်သည်။ မတ်ပဲ ၤဗျှ က တစ်ကွင်တယ်ကို ရူပီး ၅၁၀၀ နှင့် ျှ က  ရူပီး ၅၉၅၀ နှုန်းဖြင့် အပြောင်းအလဲ မရှိ ဈေးငြိမ်နေ သည်။ ပြည်ပ မှတင်သွင်း လာသော ကုလားပဲ၏ မွမ် ဘိုင်းဈေးကွက်ရှိဈေးမှာ  ရူပီး ၁၀၀၀ ကျဆင်းခဲ့ပြီး လက်ရှိဈေး နှုန်းကို   ထိန်းထားနိုင်ရန်    ခဲယဉ်းသည့် အခြေအနေရှိသည်။ ကုလားပဲအဖွင့်ဈေးမှာ တစ်ကွင်တယ်ကို ရူပီး ၅၃၀၀ နှုန်းရှိသည်။ မတ်လ အလယ်လောက်တွင် ကုလားပဲဈေးမှာ တစ်ကွင်တယ်ကို  ရူပီး ၄၅၀၀ အထိကျဆင်းနိုင်သည်။ တန်ဇန်နီးယား ကုလားပဲဈေး မှာ တစ်ကွင်တယ်ကို ရူပီး ၅၁၀၀ နှုန်း ရှိသည်။ ကနေဒါပဲနီလေး ဈေးကွက်က တစ်ကွင်တယ် ကို ရူပီး ၄၁၀၀ ရှိသည်။ သြစတြေးလျ ပဲနီလေးဈေးက တစ်ကွင်တယ်ကို ရူပီး ၄၄၀၀ နှုန်းရှိသည်။  ပဲ အထွက်နှုန်း မြင့်မားမည့် အလားအလာက ပဲနီလေးဈေးအပေါ် ဆက်လက်လွှမ်းမိုးနေဦးမည်ဖြစ်သည်။
ကုလားပဲဈေး  ကျဆင်းနေသကဲ့သို့ပင်  စားတော်ပဲဈေး ကလည်းကျဆင်းမည့် အလားအလာကို ပြသလျက်ရှိသည်။ ပြည်ပ မှ တင်သွင်းမှု မြင့်တက်နေခြင်း၊ ဈေးကွက်အတွင်းသို့ ပဲသစ်များ ဝင်လာခြင်းစသည့် အခြေအနေများက လာမည့် ရက်သတ္တပတ်များ အတွင်း စားတော်ပဲဈေးနှုန်းအပေါ်တွင် အကျိုးသက်ရောက်မှုများ ရှိနေဦးမည် ဖြစ်သည်။
မွမ်ဘိုင်းဈေးကွက်တွင် စားတော်ပဲအဝါဈေးက တစ်ကွင် တယ်ကို ၂၄၀၁ ရူပီးနှုန်းရှိခဲ့သည်။ ရုရှား စားတော်ပဲဈေးက တစ်ကွင်တယ်ကို ၂၃၆၁ ရူပီးနှုန်း ရှိသည်။ ကုလားပဲဈေးနှုန်းများ ကျဆင်းနေသည့်အတွက်  စားတော် ပဲေ ဈးနှုန်း မှာလည်း လက်ရှိ အခြေအနေကို ထိန်းထားနိုင်ရန် အခက်အခဲရှိသည်။

အပြည်ပြည်ဆိုင်ရာ ပဲဈေးကွက်
၂၀၁၇ ခုနှစ် ဧပြီ ၁ ရက်နေ့မှစ၍ ပဲများကို မီးခိုး မှိုင်းတိုက် ပိုးသတ်ခြင်းနှင့် ပတ်သက်သော မူဝါဒများ ကို ပြောင်းလဲတော့မည် ဖြစ်သည့်အတွက် ကနေဒါ သင်္ဘောများက အိန္ဒိယသို့ တင်ပို့မည့် ပဲများကိုတင်ပို့ ရန် ငြင်းဆိုလျက် ရှိသည်။  ယခုလောလောဆယ် တွင်မူ ပဲများကို သင်္ဘောတင်ပြီးနောက် မင်သော်ဘရို မိုက်ဖြင့် ပိုး သတ်ခြင်းကို ပို့ကုန်လုပ်ငန်းများအား ခွင့်ပေးထားသည်။ သို့သော် လည်း ကနေဒါ လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနက ဤပြဿနာ ကို ဖြေရှင်းရန် ကြိုးစားလျက်ရှိရာ လာမည့်လတွင် အဆုံးအဖြတ်ရ မည်ဟု ခန့်မှန်းထားသည်။
ဤအခြေအနေက ကနေဒါပဲမျိုးစုံဈေးကွက်ကို ဂယက်ရိုက် ခတ်လျက်ရှိသည်။ အိန္ဒိယနိုင်ငံတွင် သီးနှံအထွက်နှုန်း ကောင်း မွန်မှုက ပြည်တွင်းဈေးကွက် ရောင်းလိုအားကို မြင့်မားစေပြီး အရေးတကြီး တင်သွင်းစရာမလိုသေးသည့် အခြေအနေဖြစ်သည်။ပဲမျိုးစုံဈေးနှုန်း အားလုံးကို ခြုံကြည့်ပါက ဈေးနှုန်းများ ပုံမှန် တန့်နေရာမှကျဆင်းမည့် အလားအလာကို တွေ့ရသည်။