ကော့သောင်းနယ်စပ်တွင် အုန်းသီးများဈေးကောင်းရနေ

၂၀၁၆ ခုနှစ် ဧပြီလခန့်မှစ၍ တနင်္သာရီတိုင်းအတွင်းမှ ထွက်ရှိသည့် အုန်းသီး (အခွံချွတ်)အား တစ်ဖက်ထိုင်းနိုင်ငံ၊ ရနောင်းဘက်ကမ်းမှ အဝယ် လိုက်လာကြောင်း အုန်းသီး ဝယ်^ရောင်း ပြုလုပ်နေသည့် ကုန်သည် တစ်ဦးထံမှ သိရှိရပါတယ်။ တစ်ဖက်ထိုင်းနိုင်ငံမှ ဝယ်လို အားများလာသည့် အတွက် ကော့သောင်းဒေသရှိ ဒေသခံ အုန်းသီး ဝယ်^ရောင်း ပြုလုပ် နေသည့် ကုန်သည်များသည် ကော့သောင်းခရိုင်အတွင်းရှိ ကျေးရွာများ၊ မြိတ်နှင့် ထားဝယ်ခရိုင်များအတွင်းရှိ ကျေးရွာများအပြင် မော်လမြိုင်ခရိုင် အတွင်းရှိ ကျေးရွာများအထိပါ လိုက်လံဝယ် ယူစုဆောင်းလျက်ရှိကြောင်း ကုန်သည်တစ်ဦးထံမှ သိရှိရပါသည်။
လက်ရှိကော့သောင်းနယ်စပ်တွင် အုန်းသီး(အခွံချွတ်) တစ်လုံးလျှင် ကျပ် ၄၀၀ခန့်အထိ ပေါက်ဈေး ရှိနေကြောင်း၊ ရနောင်းဘက်ကမ်းတွင် တစ်လုံးလျှင် အရွယ်အစားအကြီး၊ အသေးပေါ် မူတည်၍ ၁၅ ဘတ်မှ ဘတ်၂၀ ကြားအထိ ရှိနေကြောင်း စုံစမ်းသိရှိရပါသည်။ တစ်ဖက်ထိုင်းနိုင်ငံ မှ အုန်းသီးအဝယ် လိုက်လာမှုကြောင့် အုန်းစိုက်တောင်သူများ ငွေကြေး ပြေလည်ပြီး၊ ဒေသခံ ကျေးရွာနေပြည်သူများ အုန်းသီးခူးခြင်းလုပ်ငန်းများ၌ အလုပ်အကိုင်ရရှိနေကြောင်း သိရှိရပါသည်။
တစ်ဖက် ထိုင်းနိုင်ငံသည် အစားအသောက်များ၌ အုန်းသီးမှရရှိသည့် အုန်းနို့အား တွင်ကျယ်စွာအသုံးပြုလျက် ရှိပြီး၊ အုန်းသီးနှင့် ပြုလုပ်ထား သော မုန့်နှင့် အစားအသောက်များအား နှစ်သက်စွာ စားသုံးမှုရှိကြောင်း သိရှိရပါသည်။
ကော့သောင်းကုန်သွယ်ရေးစခန်းမှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် တွင် တစ်ဖက်ထိုင်းနိုင်ငံ၊ ရနောင်းဘက်ကမ်းသို့ ကျပ် ၁၂ သန်းကျော် တန်ဖိုးရှိ အုန်းသီး ၆၅ တန်ခန့်ကို တင်ပို့ခဲ့ပြီး၊၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်၊ ဧပြီလမှ ဒီဇင်ဘာလအထိ ကျပ် ၅၅ သန်းခန့် တန်ဖိုးရှိသည့် အုန်းသီး တန်ချိန် ၂၇၅ တန်ကိုတင်ပို့ထားကြောင်း တွေ့ရှိရပါသည်။

နေထက်မင်း၊ ခေတ္တကော့သောင်း