အနီးစပ်ဆုံးကာလထက်ရော ယမန်နှစ်ကာလတူထက်ပါ ကုန်သွယ်မှုတိုးတက်နေတဲ့ မြဝတီကုန်သွယ်ရေးဇုန်

   မြန်မာ-ထိုင်းနယ်စပ်မှာရှိတဲ့ မြဝတီကုန်သွယ်ရေးဇုန်က ဖေဖော်ဝါရီလလုပ်ငန်းဆောင်ရွက်မှုဟာ အနီးစပ်ဆုံးကာလထက်ရော ယမန်နှစ်ကာလတူထက်ပါ ကုန်သွယ်မှုပိုမိုခဲ့ ပါတယ်။

   မြဝတီကုန်သွယ်ရေးဇုန်က ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလအတွင်း ပို့ကုန်ကန်ဒေါ်လာ၃ ဒသမ ၅၉၅ သန်း၊  သွင်းကုန် ကန်ဒေါ်လာ ၄၉ ဒသမ ၂၈၁ သန်းဆောင်ရွက်နိုင်သဖြင့် ကုန်သွယ်မှု ပမာဏ ကန်ဒေါ်လာ ၅၂ ဒသမ ၈၇၆ သန်းရရှိခဲ့ပါတယ်။ အနီးစပ်ဆုံးကာလ ထက်  ပို့ကုန် ကန်ဒေါ်လာ သုည ဒသမ ၂၆၆ သန်း၊ သွင်းကုန် ကန်ဒေါ်လာ ၁၂ ဒသ မ ၁၉၀ သန်းပိုမိုခဲ့သလို ယမန်နှစ် ကာလတူထက်လည်း ပို့ကုန် ကန်ဒေါ်လာ  သုည ဒသမ ၆၆၀ သန်း၊ သွင်းကုန် ကန်ဒေါ်လာ ၂၈ ဒသမ ၈၀၀ သန်းပိုမိုခဲ့ပါတယ်။

   မြဝတီကုန်သွယ်ရေးဇုန်ရဲ့ ဖေဖော်ဝါရီလကုန်သွယ်မှုက အနီးစပ်ဆုံးကာလထက်ရော ယမန်နှစ်ကာလ တူထက်ပါ ပိုမိုရခြင်းမှာ ပို့ကုန်ပိုင်းတွင် မြေပဲဆံ၊ ကြက်သွန်နီ၊ မတ်ပဲ၊ ပဲလွန်းဖြူ၊ နနွင်းတက်၊ သီဟိုဠ်စေ့၊ ချင်းခြောက်၊  နွယ်ချို၊ ဆီးဖြူသီးခြောက်တို့ပိုမိုတင်ပို့နိုင်ခဲ့သလို ဒေသထွက်ရာသီကုန်ဖြစ်တဲ့  ပြောင်းနဲ့ ကြံလည်းပိုမိုတင်ပို့နိုင်ခဲ့၍ဖြစ်ပါတယ်။ သွင်းကုန်ပိုင်းတွင်လည်း မော်တော်ဆိုင်ကယ်၊ ယာဉ်ယန္တရားမျိုးစုံ၊ ဘိလပ်မြေ၊ ဓာတ်ဆီ၊ အလှကုန်မျိုးစုံ၊ ဟန်းဆက်မျိုးစုံ၊ ဒီဇယ်ဆီတို့ ပိုမိုတင်သွင်းနိုင်ခဲ့လို့ဖြစ်ပါတယ်။

ခင်မြနွယ် MIRT(DCCA)