တစ်ဦးချင်းကုန်သွယ်မှုလုပ်ငန်းရှင်များ ကုန်ကျစရိတ်သက်သာစေရန် Individual Trading Card သက်တမ်းတိုးခြင်းအတွက် နောက်ကျဒဏ်ကြေးများပယ်ဖျက်

   ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနအနေနဲ့ နယ်စပ်ဒေသနေပြည်သူများ၊ အသေးစားပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ဒေသခံတိုင်းရင်းသားများ ကုန်သွယ်မှု လွယ်ကူစွာဆောင်ရွက်နိုင်ရန်၊ တရားမဝင်ကုန်သွယ်မှုများ တရားဝင်ကုန်သွယ်မှုလမ်းကြောင်းပေါ်သို့ရောက်ရှိပြီး ကုန်သွယ်မှုပမာဏတိုးမြှင့်လာစေရန်နဲ့ နိုင်ငံတော်အတွက် အခွန်အခများတိုးတက်ရရှိစေရေးတို့အတွက် တစ်ဦးချင်းကုန်သွယ်မှုလုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ် Individual Trading Card (ITC) ထုတ်ပေး၍ ကုန်သွယ်မှုလုပ်ငန်း များ ဆောင်ရွက်ခွင့်ပြုလျက်ရှိပါတယ်။

  လက်ရှိ၌  နယ်စပ်ကုန်သွယ်ရေးစခန်းအားလုံး၊ မန္တလေးတိုင်းဒေသကြီးရုံး၊ ကျိုင်းတုံရုံးခွဲနဲ့ မြစ်ကြီးနားရုံးခွဲမှာခွင့်ပြုချက်ထုတ်ပေးလျက်ရှိပါတယ်။ တစ်ဦးချင်းကုန်သွယ်မှု လုပ် ငန်းရှင်မှတ်ပုံတင်လက်မှတ်ထုတ်ပေးခြင်း လုပ်နည်းစနစ်များဖြင့်သတ်မှတ်ခွင့်ပြုခဲ့ရမှာ ITC ကတ်သက်တမ်း တိုးလျှောက်ထားခြင်းနဲ့ပတ်သက်ပြီး သက်တမ်းမကုန်ဆုံးမီ တစ်လကြိုတင်သက်တမ်းတိုးမြှင့် ခွင့်လျှောက်ထားနိုင်ကြောင်းနဲ့ သက်တမ်းကုန်ဆုံး ပြီးနောက်မှလျှောက်ထားလာလျှင် သတ်မှတ်ထားသော ဒဏ်ကြေးများပေးသွင်းစေခဲ့ ပါတယ်။

   ယခုအခါ ကုန်သွယ်မှုလုပ်ငန်းများပိုမိုလျင်မြန်လွယ်ကူစေရန်နဲ့ တစ်ဦးချင်းကုန်သွယ်မှုလုပ်ငန်းရှင်ရဲ့ ကုန်ကျစရိတ်များ လျော့နည်းသက်သာစေရန်အလို့ငှာ တစ်ဦးချင်းကုန် သွယ်မှုလုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ် ITC ကတ်သက်တမ်းတိုးမြှင့်ရာတွင် နောက်ကျခြင်းအတွက် သတ်မှတ်ထားသော ဒဏ်ကြေးများအားကောက်ခံခြင်းမပြုတော့ဘဲ ပယ် ဖျက်ခွင့်ပြုရန် ၃-၃-၂၀၁၅ ရက် နေ့ကကျင်းပပြုလုပ်တဲ့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ဝန်ကြီးဌာန၊ စီမံခန့်ခွဲ ရေးကော်မတီ (၅/၂၀၁၅) မှ လုပ်ထုံးလုပ်နည်းနှင့်အညီဆောင် ရွက်ရန်  သဘောတူဆုံးဖြတ်လိုက်ပြီဖြစ်ပါတယ်။

  သို့ပါ၍ နယ်စပ်စခန်းများတွင် ခွင့်ပြုထုတ်ပေးလျက်ရှိတဲ့ တစ်ဦးချင်းကုန်သွယ်မှုလုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ် ITC ကတ်သက်တမ်းတိုးမြှင့်ရာမှာ နောက်ကျခြင်းအတွက် သတ်မှတ်ထားသော ဒဏ်ကြေးများအား  ၂၀၁၅ ခုနှစ် ဧပြီလ ၁ ရက်နေ့မှစ၍ ကောက်ခံခြင်းမပြုတော့ဘဲ ပယ်ဖျက်လိုက်ပြီလို့သတင်းရရှိပါတယ်။

   ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် (၂၁-၁၁-၂၀၁၂ မှ ၃၁-၃-၂၀၁၃) မှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် (၁-၄-၂၀၁၄ မှ ၆-၃-၂၀၁၅) ထိ နယ်စပ်ကုန်သွယ်ရေး စခန်းများမှ  ITC ကတ် ထုတ်ပေးမှုမှာ ၈၆၅ ခုရှိပြီဖြစ်ပြီး ပို့ကုန် ကျပ် ၃၄၉၃၃ သိန်းကျော်၊ သွင်းကုန် ကျပ် ၁၂၄၇၁၀ သိန်းကျော်၊ ကုန်သွယ်မှုပမာဏကျပ်သိန်း ၁၅၉၆၄၄ ကျော်ဆောင်ရွက်ထား ပြီးဖြစ်ပါတယ်။ စစ်တွေ၊ မောင်တောနဲ့ မြစ်ကြီးနားနယ်စပ်ကုန်သွယ်ရးစခန်းများမှလွဲ၍ ကျန် နယ်စပ်ကုန်သွယ်ရေးစခန်းများမှာ ITC နဲ့ ပို့ကုန်သွင်းကုန်ဆောင်ရွက်မှု ပုံမှန် ရှိနေပါတယ်။

MIRT (DCCA)