တရုတ်- မူဆယ်လိုင်းက ပြန်ဆွဲနေခြင်းနှင့်သြင်္ကန်နီးလာခြင်းများကြောင့် ဆန်ဈေးမကျနိုင်သော်လည်း ဈေးငြိမ်နိုင်

   ရန်ကုန်မြို့ ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း) ရဲ့ လက် ကားဆန်ဈေးကွက်မှာ ဖျာပုံပေါ်ဆန်းလတ်စတစ်အိတ်ကို ၃၂၅၀၀ ကျပ်၊ ထိပ်စ ၃၃၀၀၀ ကျပ်၊ မြောင်းမြ၊ ပုသိမ်ပေါ်ဆန်း လတ်စ ၃၄၀၀၀ ကျပ်၊ ထိပ်စ ၃၅၀၀၀ ကျပ်၊ နယ်စုံပေါ်ဆန်း လတ်စ ၃၁၀၀၀ ကျပ်၊ ထိပ်စ ၃၃၀၀၀ ကျပ်ဖြစ်ခဲ့လို့ ယခင်တစ်ပတ်ထက် တစ်အိတ်ကို ၁၀၀၀ ကျပ်မှ ၁၅၀၀ ကျပ် အတွင်း ဈေးဆက်တက်လာတာတွေ့ရပါတယ်။ ထို့အတူ ရွှေဘိုပေါ်ဆန်းဈေးမှာလည်း တစ်အိတ်ကို ၅၀၀ ကျပ်မှ ၁၅၀၀ ကျပ် အတွင်း   ဈေးတက်လာကာ တစ်အိတ်ကို ၃၆၅၀၀ ကျပ်မှ ၃၇၀၀၀ ကျပ်ထိ ဈေးနှုန်းဖြစ်ပေါ်ခဲ့တာ တွေ့ရပါတယ်။ ယခင်နှစ်က စစ်ကိုင်းတိုင်းရွှေဘိုဘက်မှာ ရွှေဘိုပေါ်ဆန်းစပါးတွေ ဆစ်ပိုးကျရောက်ပြီး အထွက်လျော့ကျသည်ဆို ကာ ရွှေဘိုပေါ်ဆန်းဆန်တွေ ဈေးတက်ခဲ့ရာမှ ဧရာဝတီပေါ်ဆန်းများလည်း လိုက်ပါဈေးတက်ခဲ့သဖြင့် အချောဆန်စိုက်သူ၊ ကြိတ်သူ၊ လှောင်သူများတွက်ခြေကိုက်ခဲ့ကြသဖြင့်  ယခုနှစ်မှာလည်း အချောစပါးကို စက်ပိုင်အပြင် လှောင်လက်သမားတွေကပါ လှောင်ထားပြီး ရန်ကုန်သို့ ထိန်းပို့နေကြသဖြင့်  ဆန်ချောအဝင်ပါးကာ အဝယ်သွက်နေလို့ ဈေး ဆက်တက်ရတာဖြစ်တယ်လို့သိရပါတယ်။ ဆန်ကြမ်းဖြစ်တဲ့ ဧည့်မထလတ်စတစ်အိတ်ကို ၁၇၅၀၀ ကျပ်၊ ထိပ်စ ၁၇၈၀၀ ကျပ်၊ မိုးသုခ ၁၈၀၀၀ ကျပ်၊ နှံကားမြီးကောက် ၁၉၀၀၀ ကျပ်မှ ၁၉၂၀၀  ကျပ်ဖြစ်ခဲ့လို့ ယခင်တစ်ပတ်ထက် တစ်အိတ်ကို ၂၀၀ ကျပ်မှ ၅၀၀ ကျပ်အတွင်း ဈေးတက်လာတာတွေ့ရပြီး ဆန်ကြမ်းထိပ်စ၊ ရှယ်စတွေကို  တရုတ်လိုင်း က ပြန်ဆွဲနေလို့ ဈေးအနည်းငယ်ဆက်တက်ရတာဖြစ်တယ်လို့သိရပါတယ်။ ဝါးတန်းဒိုင် ဆန်အဝင်နဲ့ အရောင်းအဝယ်အခြေအနေမှာ ပုံမှန်လေးပဲ အရောင်းအဝယ်ဖြစ်နေပြီး ဝင်သမျှ ဆန်အရောင်းအဝယ်အကုန်ပြတ်တယ်လို့ ကုန်စည်ဒိုင်ဆန်ဈေးကွက်မှ ကြားသိရပါတယ်။

   ရန်ကုန်ဈေးကွက်အတွင်း  ဧည့်မထ ၂၅ မှတ် (ပြည်ပ) ဆန်တစ်အိတ် ၅၀ ကီလိုကို ၁၄၃၀၀ ကျပ်-၁၄၅၀၀ ကျပ်ခန့် ရှိသော်လည်း အရောင်းအဝယ်ပါးနေကြောင်း၊ EMATA  MYANMAR 25% FOB (Yangon) ဈေး 310-320 USD / MT ခန့်ရှိသော်လည်း 308-310 USD /MT ခန့်ဖြင့် အရောင်းအဝယ်အချို့ရှိခဲ့ပြီး  ယခုအဝယ်ပြန်ရပ်နေကြောင်း၊ ရန်ကုန် FOB ပြန်ငြိမ်နေပြီး တရုတ်-မူဆယ်လိုင်းသို့ နွေသီးထပ်ရှယ်စ တွေ ဝယ်ပြီးပို့နေကြတယ်လို့ သိရပါတယ်။

   မူဆယ်ဆန်စပါးကုန်စည်ဒိုင်မှာ နှစ်ဖက်ကုန်သည်များဖြင့် ပြန်စည်ကားနေပြီး အရောင်းအဝယ်လည်းပြန်ကောင်းလာကြောင်း၊ ၂၀၁၅ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့ဈေးနှုန်းများ အရ ဧည့်မထ ၅ မှတ် မှော်ဘီတစ်အိတ်ကို ၁၄၇-၁၄၉ ယွမ်၊ ဧည့်မထ ၁၀ မှတ် ၁၃၅-၁၃၇ ယွမ်၊ ဧည့်မထ ၁၅ မှတ် ၁၂၉-၁၃၀ ယွမ်၊ ဧည့်မထ ၂၅ မှတ် ၁၂၃-၁၂၄ ယွမ်၊ ငစိန် ၁၀ မှတ် ၁၂၇-၁၃၀ ယွမ်၊ ငစိန် ၂၅ မှတ် ၁၂၄-၁၂၇ ယွမ်၊ ကောက်ညှင်း ၁၀ မှတ် ၁၅၇-၁၆၀ ယွမ် အသီးသီးဖြစ်ခဲ့ကြပြီး၊ မတ်လ ၁၃ ရက်နေ့ မူဆယ်ရှိငွေလဲနှုန်းမှာ တစ်ယွမ် ကို ၁၆၉ ဒသမ ၇၈ ကျပ်ဖြစ်ခဲ့သဖြင့် ယခင်တစ်ပတ်ထက် ၅ ဒသမ ၃၁ ကျပ်ဈေးပြန် တက်ခဲ့ကြောင်း၊ ယခုတစ်ပတ်အတွင်း မူဆယ်သို့ ပြည်တွင်းနယ်စုံမှ ဆန်တန် ၁၇၆၉၀ ခန့်ဝင်ရောက်ခဲ့ပြီး ယခင်တစ်ပတ် ထက် ဆန်တန် ၅၂၀၀ ကျော်ပိုမိုဝင်ရောက်ခဲ့တယ်လို့သိရှိရပါတယ်။

  ဆန်စပါးဈေးကွက် ရှေ့အလားအလာအနေဖြင့် မူဆယ်- တရုတ်လိုင်းက ပြန်ဆွဲနေခြင်းနှင့် သြင်္ကန်နီးလာခြင်းများကြောင့် ဆန်ဈေးမကျနိုင်ဘဲ တစ်ခါတစ်ရံဈေးငြိမ်တာ မျိုးတော့ရှိနိုင်တယ်လို့ ဆန်ဈေးကွက်မှကြားသိရပါတယ်။

သန်းအေး-ဆန်စပါး