တစ်ဦးနဲ့တစ်ဦး နားလည်မှုရှိရှိ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဆောင်ရွက်မှသာ အောင်မြင်မှုရရှိမည်ဟုဆို

   ဒီဇင်ဘာ ၃၁ ရက်နေ့က မောင်တောမြို့ ဒေဝါနဒီအစည်းအဝေးခန်းမမှာကျင်းပပြုလုပ်တဲ့ နယ်စပ်ကုန်သွယ်မှုမြှင့်တင်ရေးအစည်းအဝေးမှ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူးက မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းရဲ့  ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ကုန်သွယ်မှုပမာဏလျာထားချက်အပေါ်  အမှန်ဆောင်ရွက်နိုင်မှု  လေ့လာ ကြည့်တဲ့အခါ ကုန်သွယ်မှုပမာဏများကို လအလိုက် ကျော်လွန်ပြည့်မီအောင် ဆောင်ရွက်နိုင်တာတွေ့ရကြောင်း၊ ကုန်သွယ်မှုတိုးတက်ရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာ များ၊ မောင်တောကုန်သည်ကြီးများအသင်းနဲ့ လုပ်ငန်းရှင်များ အမြဲမပြတ်ပေါင်းစပ်ဆောင်ရွက်နေတာ တွေ့ရှိနေရကြောင်း၊ တစ်ဦးနဲ့တစ်ဦး နားလည်မှုရှိရှိစည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ဆောင်ရွက်လုပ်ကိုင်မှသာ  အောင်မြင်မှာဖြစ်ကြောင်း၊ ကုန်သွယ်မှုလုပ်ငန်းများသာမက အခြားဌာနဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရာမှာလည်း အခက်အခဲ များရှိပါက အမြဲတမ်းဆက်သွယ်ပြောဆိုတင်ပြနိုင်ပါကြောင်း၊ အဖွင့်အမှာစကားမှာ ထည့်သွင်းပြောကြားခဲ့တယ်လို့သတင်းရရှိပါတယ်။

   မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းရဲ့ ပို့ကုန်များမှာ ငါးခြောက်၊ စက်မှုကုန်ချောပစ္စည်းများ၊ ရေငန်ပုစွန်နဲ့ သစ်တောထွက်ကုန် ဝါးတို့ဖြစ်ပြီး သွင်းကုန်ပိုင်းမှာ လူသုံးကုန် များ အများဆုံးတင်သွင်းနေတာဖြစ်ပါတယ်။

မြင့်မြင့်မာ MIRT (DCCA)