မူဆယ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ ဇွန်လအတွင်း ပရဆေး တန်ချိန်နှစ်ထောင်ခန့်တင်ပို့

    ဇွန် ၂၄ ရက်မှ ၃၀ ရက်ထိ ရက်သတ္တပတ်အတွင်း   မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ သုညဒသမ ၃၅၃ သန်း တန်ဖိုးရှိ ပရဆေးကုန်ကြမ်း  အမယ်ရှစ်မျိုး၊ တန်ချိန်အားဖြင့် ၃၁၂ တန်ကျော်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ရာ ယခင်တစ်ပတ်က တင်ပို့ခဲ့တဲ့ ၄၆၅ တန်ကျော်နဲ့ နှိုင်းယှဉ် ပါက ယခုတစ်ပတ်မှာ ၁၅၃ တန် လျော့နည်းတင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ ပရဆေး  အမယ်များမှာ ကွမ်းစားဂမုန်း၊ နနွင်းတက်၊ တောချင်း၊ ဆီးဆန်၊ မာလာဥခေါင်း၊ နေလဲစေ့၊ ကြောင်လျှာစေ့နဲ့ မိကျောင်းကွမ်းဖတ်စေ့တို့ ဖြစ်ပါတယ်။ ယခုတစ်ပတ် မာလာဥခေါင်း တင်ပို့မှုလျော့နည်းခဲ့ပြီး မာလာဥတင်ပို့မှု မရှိခြင်းကြောင့် ပရဆေး၊ တင်ပို့မှု တန်ချိန်ရော တန်ဖိုးပါ ယခင်တစ်ပတ်ထက် လျော့နည်းရတာ ဖြစ်ကြောင်း၊ ဇွန်လ တစ်လလုံး မူဆယ်မှ တင်ပို့ခဲ့တဲ့ ပရဆေးကုန်ကြမ်း တန်ချိန်နှစ်ထောင်ခန့် ရှိကြောင်း မူဆယ်ကုန်စည်ဒိုင်မှ သိရပါတယ်။
မြန်မာ-အိန္ဒိယ နယ်စပ်ရှိ တမူးကုန်သွယ်ရေးစခန်းမှလည်း အမေရိကန် ဒေါ်လာ ၈၄၇၂ တန်ဖိုးရှိ တောင်လုံးကျော် တန်ဝက်ကိုလည်းကောင်း၊ ဇွန်လ အတွင်း တမူးမှတစ်ဆင့် တောင်လုံးကျော် ၆ တန်နီးပါးကိုလည်းကောင်း၊ မြန်မာ နိုင်ငံသို့ တင်သွင်းခဲ့ကြောင်း စခန်းမှစာရင်းအရ သိရပါတယ်။   
      မော်မော်အောင်