မူဆယ်မှ ရေထွက်ကုန် တန်ချိန်ရော တန်ဖိုးပါ လျော့နည်းတင်ပို့

     မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ ဇွန် ၁၇ ရက်မှ ၂၃ ရက်အထိ ရက်သတ္တပတ်အတွင်း အမေရိကန်ဒေါ်လာ  ၁ ဒသမ ၁၈၄ သန်းတန်ဖိုးရှိ ရေထွက် ကုန် ၆၈၆ တန်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ် က အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၁၃ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၈၈၈ တန် တင်ပို့ခဲ့လို့ ယခုတစ်ပတ်မှာ တန်ချိန်အားဖြင့် ၂၀၂ တန်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ သုညဒသမ ၁၂၉ သန်းလျော့နည်း တင်ပို့ခဲ့ပါတယ်။
ယခုတစ်ပတ်တွင် ယခင်တစ်ပတ်က တင်ပို့မှုမရှိခဲ့တဲ့ ငါးစည်ဖောင်း၊ ငါးကြင်းစည်ဖောင်း၊ ပုစွန်ခြောက်တို့ တင်ပို့ခဲ့ပြီး  ငါးဆားနယ်၊ ငါးမျိုးစုံနဲ့ မျှော့အရှင်တို့ကို ပိုမိုတင်ပို့နိုင်ခဲ့ပေမယ့်  ငါးလေးခြောက်၊ ငါးပူတင်းအရေခွံ ခြောက်နဲ့ ခရုတင်ပို့မှုလျော့နည်းခြင်းကြောင့် တန်ချိန်ရော တန်ဖိုးပါ လျော့ နည်းရတာဖြစ်ကြောင်း၊ တစ်ဖက်နိုင်ငံ ဝယ်ဈေးအနေဖြင့် ငါးရှဉ့်ဈေးရော ကဏန်းဈေးပါ   ပြောင်းလဲမှုမရှိကြောင်း မူဆယ်ရေထွက်ကုန်စည်ဒိုင်မှ  သတင်းရရှိပါတယ်။                                                 
      မော်မော်အောင်