လက်ရှိဘဏ္ဍာနှစ် အိန္ဒိယဆန်တင်ပို့မှု တန်ချိန် ၁၀ သန်းကျော်မည်

အိန္ဒိယနိုင်ငံဟာ ၂၀၁၂ ခုနှစ် ဘဏ္ဍာနှစ်အတွင်း ဆန်တင်ပို့မှုအများဆုံး နိုင်ငံအဖြစ်ရပ်တည်ခဲ့တဲ့အပြင် ၂၀၁၂ - ၂၀၁၃ ဘဏ္ဍာနှစ်မှာလည်း ဆန်တန်ချိန် ၁၀ သန်းကျော် တင်ပို့နိုင်လိမ့်မယ်လို့ မျှော်မှန်းထားတယ်။ အနောက် အာရှ၊ အာဖရိကနဲ့ အရှေ့တောင်အာရှနိုင်ငံတွေရဲ့ ဝယ်လိုအားမြင့်မားမှုကြောင့် တင်ပို့မှု မြင့်မားတယ်လို့ သိရတယ်။ ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ ၂၀၁၃ ခုနှစ် ဇန်နဝါရီလကုန်ပိုင်းအထိ ဆန်တင်ပို့မှု ပမာဏစုစုပေါင်းမှာ တန်ချိန် ၈ ဒသမ ၂ သန်းဖြစ်တာကြောင့် မတ်လ ၃၁ ရက်နေ့မှာ တန်ချိန် ၁၀ သန်းကျော်တင်ပို့ပြီး ဖြစ်လိမ့်မယ်လို့ အိန္ဒိယ တစ်နိုင်ငံလုံး ဆန်တင်ပို့သူများအသင်း အမှုဆောင်ညွှန်ကြားရေးမှူး R.Sundaresan က ပြောကြားတယ်။ လွန်ခဲ့တဲ့ ၂ လအတွင်း ဘာစမာတီဆန်ကို အီရန်မှ ဝယ်လိုအားများတာကြောင့် တင်ပို့မှု ရုတ်တရက် မြင့်မားခဲ့ကြောင်း၊ တန်ချိန် ၃ ဒသမ ၅ သန်းအထိ တင်ပို့နိုင်ဖွယ်ရှိတာကြောင့်ယခင်နှစ်က တင်ပို့မှု တန်ချိန် ၃ ဒသမ ၂ သန်းထက် ပိုမိုမှာ ဖြစ်ကြောင်း၊ အီရန်နိုင်ငံဟာ အိန္ဒိယဘာစမာတီဆန်ကို အများဆုံးဝယ်ယူခဲ့ပြီး တန်ချိန် ၂ ဒသမ ၈ သန်းအထိ ဝယ်ယူခဲ့ ကြောင်း သိရတယ်။ ဘာစမာတီဆန်တင်ပို့မှု မြင့်မားတဲ့အပြင် ရရှိတဲ့ ဈေးနှုန်းလည်း ပိုမိုခဲ့ကြောင်း၊ ပျမ်းမျှအနေနဲ့ ဆန် တစ်တန်ကို ၂၀ ရာခိုင်နှုန်း ဝန်းကျင်ဈေးနှုန်းပိုမိုရရှိခဲ့ကြောင်း၊ ယခင်နှစ်ပျမ်းမျှ ဘာစမာတီဆန်ဈေးနှုန်းမှာ တစ်တန်ကို ၁၀၀၀ ဒေါ်လာဖြစ်သော်လည်းယခုနှစ်မှာ တစ်တန်ကို ၁၂၀၀ ဒေါ်လာအထိ ရရှိခဲ့ကြောင်း Sundaresan က ပြော ကြားတယ်။ ဘာစမာတီ မဟုတ်တဲ့ သာမန်ဆန်ဖြူတင်ပို့မှုပမာဏမှာလည်း ၅၈ ရာခိုင်နှုန်းမြင့်မားခဲ့ပြီး တန်ချိန် ၆ ဒသမ ၅ သန်း ဝန်းကျင်တင်ပို့နိုင်ခဲ့ကြောင်း၊ ယခင်နှစ်က တန်ချိန် ၄ ဒသမ ၀၉ သန်းသာ တင်ပို့ခဲ့ရကြောင်း၊ အာဖရိကနိုင်ငံများဖြစ်တဲ့ နိုက်ဂျီးရီးယားနဲ့ ဂါနာတို့မှ ဝယ်လိုအားများတဲ့အပြင် အာဆီယံဒေသရှိ အင်ဒိုနီးရှားရဲ့ ဝယ်လိုအားလည်း မြင့်မားခဲ့ကြောင်း၊ ဈေးနှုန်းမှာလည်း ပျမ်းမျှအနေနဲ့ တစ်တန်ကို ၄၀၀ ဒေါ်လာ ဝန်းကျင် ရရှိခဲ့ကြောင်းသိရတယ်။                 
ပပ