ကြက်သွန်နီအတွက် ဆေးတစ်ခွက် (သို့မဟုတ်)ခေတ်မီ ကြက်သွန်နီသိုလှောင်ရုံ
စွယ်စုံကြက်သွန်နီ
ကြက်သွန်နီသည် ကျန်းမာရေးအတွက် အထောက်အကူပြု သည်ဟု ယခုအခါ လူအများ လက်ခံ ယုံကြည်လာကြပါသည်။ ကင်ဆာမဖြစ်စေရန် ကြက်သွန်နီအစိမ်းလိုက် တစ်နေ့ သုံးဥခန့် စားလျှင် ကောင်းသည်ဟု လည်းကောင်း၊ ကြက်သွန်နီဥကိုထောင်း၍ အရည်ညစ်ပြီး ခေါင်းမလျှော်မီ လိမ်းပေးလျှင် ဆံပင်မကျွတ်ဟုလည်း ကောင်း ပြောဆိုကြပါသည်။ အရှေ့အလယ်ပိုင်းဒေသများတွင် ကြက် သွန်နီကို ဟင်းလျာအဖြစ်သာမက သဘာ၀ အားတိုးဆေးအဖြစ် လည်း သုံးစွဲကြကြောင်း သိရှိရပါသည်။ ကြက်သွန်နီသည် ဆေးအဖြစ် သုံးစွဲနိုင်သည်ဟုပင် ပြောနိုင်ပါသည်။ မြန်မာ့ ဟင်းလျာများတွင်လည်း ကြက်သွန်နီကို ဟင်းအနှစ်အဖြစ် သုံးစွဲကြသဖြင့် ကြက်သွန်နီနှင့် ပေါင်းလျှင် ထောင်းခံရမည်ဟု ပင် ဆိုရိုးစကား တစ်ခု ပေါ်ပေါက်လာ ခြင်း ဖြစ်ပါသည်။ နိုင်ငံအများအပြားတွင်လည်း ကြက်သွန်နီဥကြီး များကို အစိမ်းလိုက် အကွင်းလှီးပြီး ဆလပ်အဖြစ် သုံးတတ်ကြပြီး၊ စည်သွပ်ဗူးများတွင် ကြက်သွန်နီဥသေးများကို ထည့်သွင်းသုံးစွဲတတ် ကြပါသည်။ သို့ဖြစ်၍ ကြက်သွန်နီကို စွယ်စုံဘက်စုံအသုံးဝင်သည့် ကြက်သွန်နီဟု ခေါ်ဆိုနိုင်ပါသည်။ နိုင်ငံအချို့တွင် ကြက်သွန်နီကို ဟင်းသီးဟင်းရွက်စာရင်းတွင် ထည့်သွင်းထားပြီး စနစ်တကျ စိုက်ပျိုး ထုတ်လုပ်ကြသည်ကို တွေ့ရပါသည်။
မြန်မာ့ပို့ကုန်ကြက်သွန်နီ
ယခင်က ကြက်သွန်နီကို ပြည်ပတင်ပို့ရန်ထက် ပြည်တွင်း ဖူလုံရန်ဟူသော ရည်ရွယ်ချက်နှင့် အခြေခံ စားသောက်ကုန်တစ်ခု အဖြစ် ပြည်တွင်းတွင်လည်း ကုန်ဈေးနှုန်း မတက်စေရန် ရည်ရွယ် ချက်များဖြင့် ပြည်ပတင်ပို့မှုကို ခွင့်မပြုခဲ့ပါ။ ၂၀၀၅ခုနှစ်တွင် ကြက်သွန်နီအပါအဝင် ပြည်ပ တင်ပို့ရန်ကန့်သတ်ထားသော သီးနှံ များကို မြေလွတ်မြေရိုင်းများတွင် ကိုယ်တိုင်စိုက်ပျိုး ထုတ်လုပ်သော ကုမ္ပဏီများကို ပြည်ပတင်ပို့ခွင့််ပြုမည်ဟု ခွင့်ပြုချက်များအရ ကြက် သွန်နီကို မြေလွတ် မြေရိုင်းများ၊ ချောင်းမြောင်းများတွင် စိုက်ပျိုး ထုတ်လုပ်ပြီး ပြည်ပတင်ပို့နိုင်ခဲ့ပါသည်။ ၂၀၁၀ ခုနှစ် နောက်ပိုင်းတွင် ပြည်ပတင်ပို့ခွင့််ရရှိသဖြင့် ပင်လယ်ရေကြောင်းမှ အပြင် နယ်စပ်မှပါ ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံများသို့ တင်ပို့ခဲ့ပါသည်။ ၂၀၁၃-၂၀၁၄ မှ ယခု ဘဏ္ဍာနှစ်အထိ ပြည်ပတင်ပို့မှု အခြေအနေမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်-
အထက်ပါဇယားကိုကြည့်လျှင် ကြက်သွန်နီတင်ပို့မှုသည် နှစ်စဉ် တန်ချိန်တစ်သိန်း မပြည့်မီသည်ကို တွေ့နိုင်ပါသည်။ ပိုလျှံမှု မည်မျှ ပင်ဖြစ်ပါစေ ပြည်ပတင်ပို့ပြီး ပိုလျှံသမျှသည် ပိုစားခြင်းနှင့် လေလွင့် ပျက်စီးခြင်းများသာ ဖြစ်ကြပါသည်။ တင်ပို့ရာတွင်လည်း အအေးခန်း ကွန်တိန်နာများကို မသုံးနိုင်သဖြင့် ပင်လယ်ရေကြောင်းမှ တွင်တွင် ကျယ်ကျယ် တင်ပို့နိုင်ခြင်းမရှိပါ။ ပြည်ပတင်ပို့မှုအားနည်းရခြင်း၏ အဓိက အချက်မှာ အခြားအခြားသော သီးနှံများကဲ့သို့ပင် ကုန်ထုတ် လုပ်မှုစရိတ်ကြီးမြင့်ပြီး ပြည်တွင်းဈေးများသောကြောင့် တောင်သူ များ၊ ကုန်သည်များ အားလုံးပင် အကျိုးအမြတ် နည်းပါးရပါသည်။ အထူးသဖြင့် တောင်သူများတွင် အကျိုးအမြတ် အနည်းဆုံး ဖြစ်နေ ကြောင်း သတင်းများ ရရှိပါသည်။
အကျိုးအမြတ်နည်းပါးရခြင်း၏ အခြေခံအချက်များ
အခြေခံအကြောင်းတရားများမှာ တောင်သူများ ငွေကြေး အရင်းအနှီးနည်းပါးခြင်း၊ မျိုး မကောင်းခြင်း၊ စိုက်ပျိုးချိန်မှ စားသုံးချိန် အထိ နည်းပညာပိုင်းအားနည်းခြင်း၊ သယ်ယူပို့ဆောင်ခ ဈေးကြီးခြင်း၊ ခေတ်မီသိုလှောင်ရုံများ မသုံးနိုင်ခြင်းကြောင့် အလေအလွင့်များပြား ခြင်းတို့ပင် ဖြစ်ပါသည်။ ကြက်သွန်နီကို တောင်သူ သဘာဝသိုလှောင် ရာတွင် လေလွင့်မှုသည် မတ်လမှ သြဂုတ်လအထိ ခြောက်လခန့် အတွင်း သိုလှောင်မှုအလျော့သည် ၂၀ မှ ၃၀ ရာခိုင်နှုန်းခန့်အထိပင် ရှိတတ်သည်ဟု ပြောဆိုကြပါသည်။ သို့ဖြစ်၍ ကြက်သွန်နီ၏ တန်ဖိုး ကွင်းဆက်တစ်ခုလုံးတွင် သိုလှောင်ရုံအတွင်း အလေအလွင့်သည် ရာခိုင်နှုန်း အများဆုံးဟုပင် ပြောနိုင် မည်ထင်ပါသည်။ ရိတ်သိမ်းချိန်၊ သယ်ယူချိန် အလျော့များကိုပါ အဆင့်တိုင်းတွင် တွက်ချက်မည် ဆိုပါက အလေအလွင့် ရာခိုင်နှုန်းမှာ အလွန် များပြားသည်ကို တွေ့ နိုင်ပါသည်။ အချို့တောင်သူများသည် အလေအလွင့်နှင့် အထွက် နည်းပါးမှုကြောင့် စိုက်စရိတ်ပင် ပြန်မရရှိကြသည်များလည်း ရှိ သည်ကို မကြာခဏဆိုသလို ကြားသိနေရပါသည်။ ကြက်သွန်နီ အတွက် အဓိက စိန်ခေါ်မှုသည် ရာသီဥတုဖောက်ပြန်မှုနှင့် သိုလှောင်မှု ဟု ပြောလျှင် မှားမည်မထင်ပါ။ အဆိုပါ စိန်ခေါ်မှုများကို မည်သို့ သော နည်းလမ်းများနှင့် ကျော်လွှားမည်ဆိုသည်ကို လုပ်ဆောင်နိုင် ရန် လိုအပ်ပါသည်။
နယ်သာလန် ကြက်သွန်နီ
သတင်းတစ်ခုတွင် နယ်သာလန်နိုင်ငံ၏ ကြက်သွန်နီတင်ပို့မှု သည် ၂၀၁၆-၂၀၁၇ တွင်တန်ချိန် ၁ ဒသမ ၁သန်းအထိ ရှိခဲ့သည်ဟု ဆိုပါသည်။ ကြက်သွန်နီ တင်ပို့မှုထဲတွင် အင်ဒိုနီးရှားနိုင်ငံလည်း ပါဝင်နေသည်ကို တွေ့ရပါသည်။ အခြားဥရောပနိုင်ငံများ၊ အာဖရိက နိုင်ငံများသို့လည်း တင်ပို့ကြောင်း၊ သတိထားလောက်အောင် ကြီး ထွားလာသော ဈေးကွက်များတွင် နိုင်ကာရာဂွါ၊ ဖိလစ်ပိုင်၊ ယူအေအီး၊ ယူအက်စ်အေနှင့် ဗီယက်နမ်တို့ဖြစ်ေ ကြာင်း ဟော်လန်ကြက်သွန်နီ အသင်း၏ သတင်းအရ သိရပါသည်။ ကြက်သွန်နီ၏ ကမ္ဘာ့တင်သွင်း တင်ပို့မှုကိုကြည့်လျှင် နယ်သာလန်သည် တင်ပို့မှုနှင့် တင်သွင်းမှု နှစ်ခုစလုံးတွင် ထိပ်ဆုံးမှ ပါဝင်ပါသည်။ ဆိုလိုသည်မှာ နယ်သာလန် သည် တင်သွင်းမှုကိုလည်း ပြုလုပ်ပြီး တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ပြုပြင်ကာ ပြည်ပသို့ပြန်လည်တင်ပို့မှုများ ပြုလုပ်သည်ဟူသော အဓိပ္ပာယ် ဖြစ်ပါသည်။ တရုတ်နိုင်ငံသည်လည်း အများဆုံးတင် သွင်းသော နိုင်ငံထဲတွင် ပါဝင်နေသည်ကို တွေ့နိုင်ပါသည်။ အိန္ဒိယနိုင်ငံသည်လည်းတင်ပို့မှုတွင် တတိယနေရာတွင် ရှိနေသည်ကို တွေ့ နိုင်ပါသည်။ နယ်သာလန်နိုင်ငံသည် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ် လုပ်မှုတွင် မျိုးမှစကာ စားသုံးသူ ပါးစပ်တွင်းရောက်သည်အထိ အောင်မြင်သော နည်းလမ်းများရှိနေပြီဖြစ်သဖြင့် နယ်သာလန် နိုင်ငံ၏ နည်းစနစ်များကို အတုယူခြင်းဖြင့် ကြက်သွန်နီအတွက် စိန်ခေါ်မှုများကို မြန်မာကြက်သွန်နီ စိုက်တောင် သူများကျော်လွှားနိုင် မည် ဟုမျှော်လင့်မိပါသည်။
ကြက်သွန်နီသိုလှောင်ရုံ
မြန်မာနိုင်ငံတွင် ကြက်သွန်နီသိုလှောင်ရုံဟူသည်မှာ အညာ ဒေသဖြစ်သော မန္တလေး၊ မကွေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးများတွင် သာ တွေ့နိုင်မည် ထင်ပါသည်။ ကြက်သွန်နီသိုလှောင်ရုံဟု လက်ရှိ အခြေအနေတွင် သီးသန့်ထားရှိနိုင်သည်ဟု မထင်ပါ။ မိရိုးဖလာ ကြက်သွန်နီ သိုလှောင်ရုံများမှာ ထရံမိုး၊ ထရံကာ၊ ဝါးကြမ်းခင်း၊ ဒေါက်စေ့၊ ဝါးကပ်မိုးများ ဖြစ်ကြပါသည်။ အဆိုပါ ဝါးကြမ်းခင်း ပေါ်တွင် ဖျာ ကြမ်းခင်းကာ ခပ်ပါးပါးခင်း၍ သိုလှောင်တတ်ကြပါ သည်။ အနည်းငယ်ထူထူလှောင်မိလျှင် လေခေါင်းတိုင်များပြုလုပ် ကာ ကြက်သွန်နီအပုံအတွင်း ထိုးစိုက်ထားတတ်ပါသည်။ ကျေးရွာ များတွင်မူ လက်ရှိအချိန်တွင် ကြက်သွန်နီကို မိမိတတ်နိုင်သည့် အတိုင်းအတာကိုလိုက်ကာ နည်းလမ်းအမျိုးမျိုးဖြင့် သိုလှောင်တတ်ကြ ပါသည်။ မြင်းခြံဖက်မှ ရွာတစ်ရွာတွင် ကြက်သွန်နီ အထွက်ကောင်း သော နှစ်တွင် ကြက်သွန်နီထားသည့် ကျီနှင့်မဆန့်သဖြင့် အိမ်ခန်း တွင်းထည့်ထားကာ အိမ်ရှင်တောင်သူမှ အိမ်ပြင်ထွက်အိပ်နေသည် ကို တွေ့ရပါသည်။ ကြက်သွန်နီကို စနစ်တကျသိုလှောင်သည်မှာ အလွန် ရှားပါးပြီး ခေတ်မီနည်းစနစ်ဖြင့် သိုလှောင်သည်ကို မတွေ့ဖူး သလောက်ဖြစ်ပါသည်။
မြင်းခြံမှ ခေတ်မီ ကြက်သွန်နီသိုလှောင်ရုံ
မြန်မာနိုင်ငံတွင် ကြက်သွန်နီ အဓိက စိုက်ပျိုးထုတ်လုပ်သော ဒေသမှာ မန္တလေး၊ မကွေးနှင့် စစ်ကိုင်းတိုင်းဒေသကြီး သုံးခုသာဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးတွင် မြင်းခြံခရိုင်သည် အများဆုံး စိုက်ပျိုး သောနေရာဖြစ် ပါသည်။တောင်သာမြို့နယ်ရှိ ဆင်တဲဝချောင်းမှာ ဆောင်းကြက်သွန်နီ အများဆုံး စိုက်ပျိုးသော နေရာဖြစ်သကဲ့သို့ မြင်းခြံမြို့တွင် တလုပ်ရွာ၊ အနိမ့်ရွာတို့မှာ ကြက်သွန်နီ စိုက်ပျိုးသော ဒေသများဖြစ်ပါသည်။ အဆိုပါနေရာတွင် မျိုးစေ့မျိုးစုံစိုက်ပျိုးထုတ် လုပ်ရောင်းချသကဲ့သို့ သီးနှံမျိုးစုံကို လက်ခံဝယ်ယူပေးသော ကိုးသုံးလုံး မဟာသမာဓိကုမ္ပဏီသည် ပြောင်းဖူးစေ့နှင့် မြေပဲ ဆင်း ၁၁ မျိုးများ ကို ထုတ်လုပ်ရောင်းချနေကာ ကြက်သွန်နီကိုလည်း ဒေသခံ တလုပ်မျိုး မျိုးစေ့ရောင်းချနေသည့်အပြင် နိုင်ငံခြားမျိုးများကို ထုတ် လုပ်နိုင်ရေးအတွက်ကို ပြင်ဆင်နေသည်ကိုတွေ့ရပါသည်။ ၂၀၁၉ ခုနှစ် ဧပြီ ၄ ရက်တွင် အဆိုပါ အနိမ့်ကျေးရွာရှိ ကိုးသုံးလုံး မဟာ သမာဓိကုမ္ပဏီ ပိုင်မြေတွင် ကြက်သွန်နီ ခေတ်မီသိုလှောင်ရုံငယ်ကို ဖွင့်လှစ်ခဲ့ပါသည်။ ကြက်သွန်နီ တန် ၃၀ ခန့်သာသိုလှောင်နိုင် သော နမူနာ သိုလှောင်ရုံဖြစ်သော်လည်း အဆိုပါသိုလှောင်ရုံသည် အအေးခန်း သိုလှောင်ရုံမဟုတ်ဘဲ လေဝင်လေထွက်ကောင်းစေရန် အလိုအလျောက် ထိန်းညှိပေးနိုင်သည့် စနစ်သုံး သိုလှောင်ရုံဖြစ်ပါသည်။ သိုလှောင်ရုံ ကို နယ်သာလန်နိုင်ငံမှ ဉာငလနညအ ကုမ္ပဏီမှ တာဝန်ယူဆောက်လုပ် ပေးခြင်းဖြစ်ပြီး ကြက်သွန်နီအပြင် အာလူးကိုလည်း သိုလှောင်နိုင်ပြီး၊ ဟင်းသီးဟင်းရွက်များလည်း သိုလှောင်ရန် သင့်လျော်ကြောင်း သိရှိရပါသည်။ ဟဲဟိုးတွင်လည်း သိုလှောင်ရုံနှစ်လုံး ဆောက်လုပ် သုံးစွဲလျက်ရှိကြောင်း သိရပါသည်။ ကြက်သွန်နီအတွက်မူ ယခုသို လှောင်ရုံသည် ပထမဆုံးခေတ်မီ သိုလှောင်ရုံ ဖြစ်မည်ထင်ပါသည်။ ကြက်သွန်နီ အတွက် အသင့်လျော်ဆုံးသော အပူချိန်တွင် သိုလှောင်ရုံ အတွင်း အပူချိန်ကို ထိန်းညှိပေးထားခြင်းဖြင့် ကြက်သွန်နီမှ အမြိတ် မထွက် ရန်၊ အလျော့တွက်နည်းပါးရန်တာဝန် ခံနိုင်သည်ဟု ဆိုပါ သည်။ ထို့အပြင် သိုလှောင်မည့် ကြက်သွန်နီကို ရိတ်သိမ်းချိန်တွင် အမြိတ် လေးလက်မခန့်် ချန်လှပ်ထားမည်ဆိုပါက ပိုးဝင်ရောက်မှု ကိုလည်း ထိန်းနိုင် မည်ဖြစ်ပြီး ရေရှည်သိုလှောင်နိုင်မည်ဟု သိရပါ သည်။ အလျော့တွက်မှာ သိုလှောင်သည့် အရည်အသွေးကောင်းလျှင် ၃ ရာခိုင်နှုန်းခန့်သာရှိသည်ဟု ဆိုပါသည်။ တစ်နှစ်ခန့်အထိ ကောင်းစွာ သိုလှောင်နိုင်မည်ဟုလည်း သိရပါသည်။ အရေးကြီးသည်မှာ သို လှောင်မည့် ကြက်သွန်နီတွင် အရိမပါရန်၊ အရည် အသွေးကောင်းရန် အဓိကကျသည်ဟု ဆိုပါသည်။ အဆိုပါ ခေတ်မီ သိုလှောင်ရုံ၏ အမိုးအကာအခင်းနှင့် အချို့သော ပစ္စည်းများကို ပြည်တွင်းထုတ် ပစ္စည်းများဖြင့် ဆောင်ရွက်နိုင်သဖြင့် ကုန်ကျစရိတ်ကို သက်သက် သာသာဖြင့်လည်း ဆောင်ရွက်နိုင်မည့်နည်းလမ်းများ ရရှိနိုင်ပါသည်။ အအေးခန်းသိုလှောင်ရုံမျိုးကဲ့သို့လည်း ကုန်ကျစရိတ် အလွန် မများ ပြားနိုင်သည်ကို တွေ့ရပါသည်။ အဆိုပါ ခေတ်မီ ကြက်သွန်နီ သိုလှောင် ရုံမျိုးကိုသာ ကုန်သည်အဆင့်တွင် တည်ဆောက်သိုလှောင်သုံးစွဲမည် ဆိုပါက လေလွင့်ဆုံးရှုံးမှုလည်း များစွာ လျော့နည်း မည်ဖြစ်ပြီး အရည်အသွေးကိုလည်း မူလအတိုင်းနီးပါး ထိန်းသိမ်းထားနိုင်သဖြင့် စားသုံးသူအတွက်လည်း ကောင်းမွန်သော အရသာကို ရရှိမည်ဖြစ် သောကြောင့် တောင်သူကုန်သည် စားသုံးသူ သုံးမျိုးလုံး အကျိုးရရှိနိုင် သည့် win-win-win အခြေအနေကို ရရှိနိုင်ပါသည်။ လေလွင့် ပျက်စီးဆုံးရှုံးမှုသည် ရာသီဥတုဖောက်ပြန်သဖြင့် ပျက်စီးမှုပြီးလျှင် အဆိုးဆုံးဖြစ်နေသဖြင့် အလေအလွင့်ကို ၁၀ ရာခိုင်နှုန်းခန့် လျှော့ချ နိုင်မည်ဆိုလျှင်ပင် ကြက်သွန်နီ ပြည်တွင်းဈေးကြီးမြင့်မှုကို ထိန်းနိုင် မည်ဖြစ်သကဲ့သို့၊ ထုတ်လုပ်မှု ကုန်ကျစရိတ်ကိုလည်း လျှော့ချနိုင်မည် ဖြစ်သဖြင့် အလွန်ကောင်းမွန်သော အကျိုးကျေးဇူးများ ကို ခံစား ရမည် ဖြစ်ပါသည်။ အခိုက်အတန့်အားဖြင့် သိုလှောင်ရုံတည်ဆောက် စရိတ် ကြီးမြင့်သည်ကို ချေးငွေများ၊ စုပေါင်းသိုလှောင်ရုံစနစ်များ၊ အရစ်ကျဆပ်ရသည့် တည်ဆောက်မှုများဖြင့် လုပ်ဆောင်နိုင်မည် ဆိုပါက တောင်သူကုန်သည် နှစ်ဖက်စလုံးအကျိုးများစွာ ရရှိနိုင်မည် ဖြစ်ပါသဖြင့် ဆေးဖက်ဝင်သော ကြက်သွန်နီအတွက် လေလွင့်ဆုံးရှုံး ခြင်းကိုလျှော့ချနိုင်ပြီး ကြက်သွန်အလှမပျက်စေမည့် " ကြက်သွန်နီ အတွက် ဆေးတစ်ခွက်" ဖြစ်ပါကြောင်း သတင်းကောင်းပါးလိုက်ရပါ သည် ခင်ဗျား။
မျိုးသူ (ကုန်သွယ်မြင့်)