ပြည်တွင်းငွေလဲနှုန်းများ ပြန်လည်မြင့်တက်လာ

         ယခုတစ်ပတ်အတွင်း ပြည်တွင်းငွေလဲနှုန်းများသည် ကျဆင်းခဲ့ရာမှ ပြန်လည် မြင့်တက်လာခဲ့ကြောင်း ပြည်တွင်းငွေလဲဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ ပြည်တွင်းငွေလဲနှုန်းများသည် ယခုတစ်ပတ်အတွင်း မငြိမ်မ သက်ဖြစ်နေပြီး နေ့စဉ် အတက်အကျများ ရှိနေကြောင်း၊  ဈေးမငြိမ်သက်မှုကြောင့် ဈေးကွက်အတွင်း အရောင်းအဝယ်များ အေးစက်နေကြောင်း သိရသည်။ ပြီးခဲ့သည့်ရက်သတ္တပတ် အတွင်းက ဈေးအတက်အကျများရှိနေသကဲ့သို့ ယခုတစ်ပတ်တွင်လည်း ဈေး အတက်အကျများ ရှိနေခဲ့သည်။
         "ပြီးခဲ့တဲ့ရက်သတ္တပတ်ကတည်းက အတက်အကျတွေ ဖြစ်ပေါ်ခဲ့သလို ဒီတစ်ပတ်မှာလည်း အတက်အကျတွေဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒီလိုဖြစ်ခဲ့တဲ့အတွက် ဈေးကွက်ထဲမှာ အရောင်းအဝယ်ကသိပ်မကောင်းဘူး။ နိုင်ငံတကာ ရဲ့ ငွေလဲနှုန်းကလည်း ကျလိုက်တက်လိုက်နဲ့ဖြစ်နေတော့ ဒီမှာလည်း အတက်အကျဖြစ်နေတာ မဆန်း ပေမယ့် ကျွန်တော်တို့ဆီမှာဖြစ်တဲ့ ဈေးအတက်အကျဟာ ကုန်သည်တွေကိုရော၊ ပြည်သူတွေကိုပါ ထိခိုက်နိုင်ပါတယ်"ဟု ေ ငွလဲစင်တာတစ်ခုမှ တာဝန်ရှိသူတစ်ဦး က ပြောကြားခဲ့သည်။
          ဇွန် ၁၃ရက်က ရောင်းဈေး ၁၁၉၃ ကျပ်၊ ဝယ်ဈေး ၁၁၉၀ ကျပ်ရှိခဲ့ရာမှ ဇွန် ၁၅ ရက်တွင် ရောင်းဈေး ၁၁၉၂ ကျပ်၊ ဝယ်ဈေး ၁၁၈၈ ကျပ်သို့ ကျဆင်းသွားခဲ့သည်။ ဇွန် ၁၆ ရက်တွင် ရောင်းဈေး ၁၁၈၅ ကျပ်၊ ဝယ်ဈေး ၁၁၈၀ ကျပ်သို့ ဆက်လက် ကျဆင်းခဲ့သော်လည်း ဇွန် ၁၇ရက်တွင် ရောင်းဈေး ၁၁၈၈ ကျပ်၊ ဝယ်ဈေး ၁၁၈၄ ကျပ်သို့ ပြန်လည်မြင့်တက်လာခဲ့သည်။

 

မယ်သီတာ