၂၀၁၇ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ ဆန်စပါးဈေးနှုန်း ကျဆင်းမှုနှင့် ကြုံတွေ့ရမည်

      ၂၀၁၇ ခုနှစ်အတွင်း ထိုင်းနိုင်ငံ၌ ဆန်ရောင်းလိုအား များပြား၍ ပြည်တွင်းဆန်ဈေးကွက်နှင့် နိုင်ငံခြားသို့ တင်ပို့သည့် ဈေးကွက်များ၌ ဆန်ဈေးကျဆင်းမှုနှင့် ကြုံတွေ့ရ၍ ဆန်တင်ပို့မှုကျဆင်းမည် ဖြစ်ပါသည်။ ထို့အပြင် ထိုင်း ဘတ် ငွေတန်ဖိုးမြင့်တက်မှုသည်လည်း ထိုင်းနိုင်ငံ၏ ဆန်တင်ပို့မှုကို ထိခိုက်နိုင်ပါသည်။ထိုင်းနိုင်ငံ၏ ဆန်ရောင်းလိုအားသည် နှစ်စဉ်ပုံမှန် တန်ချိန်၂၂ သန်းဝန်းကျင်ရှိသော်လည်း ယခုနှစ် နိုဝင်ဘာလမှရှေ့နှစ် ဇန်နဝါရီလအတွ င်း ဆန်ရောင်းလိုအားသည် ၁၀ ရာခိုင်နှုန်းမှ၂၀ရာခိုင်နှုန်းအထိ မြင့်တက်လာနိုင်ပါသည်။ ကမ္ဘာ့ဆန်ဈေးကွက်သို့ ထိုင်းနိုင်ငံနှင့်အပြိုင်တင်ပို့ ရောင်းချလျက်ရှိကြသည့် အဓိကနိုင်ငံ များဖြစ်သော အိန္ဒိယ၊ ဗီယက်နမ်နှင့် ပါကစ္စတန် စသည့် နိုင်ငံများ၏ စပါးရိတ်သိမ်းချိန်ကာလများသည် ထိုင်းနိုင်ငံနှင့်အတူတူပင် ဖြစ်ကြ ပါသည်။
      ယခုနှစ် နောက်ဆုံးသုံးလပတ်မှစ၍ ကမ္ဘာ့ဆန်ဈေးကွက်တွင် ရောင်းလိုအား များပြား၍ဈေးနှုန်း ကျဆင်းနိုင်ကြောင်း တွေ့ရပါသည်။ ၂၀၁၇ ခုနှစ်အတွင်း ကမ္ဘာ့ဆန်စားသုံးမှုသည် ၂၀၁၆ခုနှစ်ထက် တန် ၄၈၀ (သို့မဟုတ်) သုည ဒသမ ၄ ရာခိုင်နှုန်းမြင့်တက်လာမည်ဖြစ်သော် လည်း ရောင်းလိုအားသည် တန်ချိန်၄၈၁ ဒသမ ၂၃ သန်းရှိမည်ဖြစ်ရာ ၂ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်လာမည်ဟု အမေရိကန်လယ်ယာ စိုက်ပျိုးရေး ဝန်ကြီး ဌာန(USDA) က ခန့်မှန်းထားပါသည်။
     ထိုင်းနိုင်ငံ၏ ငွေလဲနှုန်းသည် သြဂုတ်လ ၁ ရက်တွင်အမေရိကန်တစ်ဒေါ်လာလျှင် ၃၄ ဒသမ ၇၂ ဘတ်ဖြစ်ပေါ်ခဲ့သဖြင့် ဘတ်ငွေတန်ဖိုးသည် ၃ ဒသမ ၃ ရာခိုင်နှုန်းဖြင့် တစ်နှစ်အတွင်း အမြင့်ဆုံး မြင့်တက်ခဲ့ခြင်းဖြစ်ပါသည်။ ဘတ် ငွေတန်ဖိုးမြင့်တက်လာခြင်းသည်လည်း ထိုင်းနိုင်ငံ၏ ဆန်တင်ပို့မှုကိုထိခိုက်နိုင်ကြောင်း ဖော်ပြထားပါသည်။ ကမ္ဘာ့ဆန်ဈေးကွက်သို့ ၂၀၁၇ ခုနှစ်အတွင်း ဆန်တင်ပို့မှုအား USDA ကခန့်မှန်းရာတွင် ထိုင်းနိုင်ငံက ဆန်တန် ချိန်ကိုးသန်း၊ ဗီယက်နမ်နိုင်ငံက တန်ချိန် ခုနစ်သန်း၊ အိန္ဒိယနိုင်ငံကတန်ချိန် ၅ ဒသမ ၅သန်းနှင့် ပါကစ္စတန်နိုင်ငံက တန်ချိန် ၄ ဒသမ၂၅သန်း တင်ပို့ကြမည်ဟုဆိုသည်။ ကမ္ဘာ့ဆန်ဈေးကွက်တွင် ထိုင်းဆန်ဈေးနှုန်းသည် တစ်တန် လျှင် အမေရိကန်ဒေါ်လာ ၄၂၅ ရှိသဖြင့် ဗီယက်နမ်ဆန်ဈေးနှုန်းထက် ဒေါ်လာ ၅၀ ခန့် မြင့်မားလျက်ရှိပါသည်။ ဈေးသက်သာသည့် ဗီယက်နမ်ဆန်များကို ပိုမိုဝယ်ယူမှုများရှိနေသဖြင့်ထိုင်းဆန် ဝယ်ယူမှုသည်ကျဆင်းလာနိုင်ေ ကြာင်း တွေ့ရှိရပါသည်။

 

ကျော်သူရ၊ စီးပွားရေးသံမှူး မြန်မာသံရုံး၊ ဗန်ကောက်မြို့