ထိုင်းနိုင်ငံမှ ကုန်တင်ယာဉ်များ သီလဝါဆိပ်ကမ်းသို့ ပထမဆုံးအကြိမ် တိုက်ရိုက်ကုန်သွယ်မှုစတင်

ထိုင်းနိုင်ငံမှ ၂၂ ဘီးနောက်တွဲပါ ကုန်တင်ယာဉ် နှစ်စီးသည် ဖေဖော်ဝါရီ ၇ ရက်က အမှတ် (၂) ချစ်ကြည်ရေးတံတားမှ ဝင်ရောက်၍ မြဝတီကုန်သွယ်ရေးဇုန်တွင် အကောက်ခွန်လုပ်ငန်းများ ဆောင်ရွက်ကာ မြဝတီ-ကော့ကရိတ်လမ်း ကြောင်းအတိုင်း မောင်းနှင်ပြီးရန်ကုန်မြို့ သီလဝါ ဆိပ်ကမ်းသို့ ပထမဆုံးအကြိမ် အဖြစ် တိုက်ရိုက်ကုန်သွယ်မှု စတင်ခဲ့ကြောင်း သိရသည်။ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် မဟာမဲခေါင်ခြောက်နိုင်ငံက အတည် ပြုထားသည့် Cross-broder Transport Agreement သဘောတူညီချက် တစ်စိတ် တစ်ပိုင်းဖြစ်သော မဟာမဲခေါင်ဒေသခွဲ၏ ထောက်ပံ့ခြင်း (logistics) တိုးတက်ရေးကို အထောက်အကူပြုမည့် IICBTA( Initial Implementation of a Crossbroder Transport Agreement) MOU သဘောတူညီချက်အရ မြန်မာနိုင်ငံဘက်တွင် ရန်ကုန်မြို့၊ သီလဝါ (SEZ)ထိလည်းကောင်း၊ ထိုင်းနိုင်ငံဘက်တွင် ဗန်ကောက်၊ လန်ချဘန်ထိလည်းကောင်း၊ နှစ်နိုင်ငံ ကုန်တင်ယာဉ်များ အပြန်အလှန်တိုက်ရိုက် ဝင်/ထွက်ကြမည်ဖြစ်ပြီး IICBTA ခွင့်ပြုလမ်းကြောင်းများမှာ မြန်မာ နိုင်ငံ အနေဖြင့် လမ်းကြောင်း(၁)အဖြစ် မြဝတီ-ကော့ကရိတ်-ဇာသပြင်-မော်လမြိုင်ထိ လည်းကောင်း၊ လမ်းကြောင်း(၂)အဖြစ် မြဝတီ-ကော့ကရိတ်-ဘားအံ-သထုံ-ကျိုက်ထို-သိမ်ဇရပ်-ဝေါ-ဘုရားကြီး-ပဲခူး-ရန်ကုန်-သီလဝါ(SEZ)ထိလည်းကောင်း၊ ထိုင်းနိုင်ငံဘက်မှ  လမ်းကြောင်း(၁)အဖြစ် Maesot- Phitsanulok-Khon-Kaen-Kalasin-Mukdahan ထိ လည်းကောင်း၊ လမ်းကြောင်း (၂)အဖြစ် Maesot-Nakhon Sawan-Ayattaya-Bangkok-Lean Chabangx ထိ လည်းကောင်း ဝင်/ထွက် သွားလာခွင့်ပြုသည့် ယာဉ်လမ်းကြောင်းများ သတ်မှတ် ခဲ့ကြပြီးနောက် ယခုကဲ့သို့ ထိုင်းကုန်တင်ယာဉ်များမှ မြန်မာနိုင်ငံသို့ ပထမဆုံး အကြိမ်အဖြစ် တိုက်ရိုက်ကုန်သွယ်မှု စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

 

ထိုင်းနိုင်ငံ မဲဆောက်နယ်စပ်ဂိတ်နှင့် မြန်မာနိုင်ငံ မြဝတီနယ်စပ်ဂိတ်မှ ဝင်/ထွက်မည့် ကုန်တင်မော်တော်ယာဉ်များအနေဖြင့် မြန်မာဘက်ခြမ်းတွင် ကုန်သွယ်ရေးဇုန်မှ ဝင်/ထွက်ရန်ဖြစ်ပြီး IICBTA အရ မြန်မာနိုင်ငံအတွင်းသို့ တိုက်ရိုက်   ဝင်ရောက်မည့် ကုန်တင်ယာဉ်များသည် ကုန်ပစ္စည်းစစ်ဆေးရေး စခန်းဖြစ်သည့် မြဝတီကုန်သွယ်ရေးဇုန်အတွင်းရှိ ကောက်ခွန်ဦးစီးဌာနမှ ချိတ် စည်းတပ်ဆင်၍ အကောက်ခွန်ဦးစီးဌာန၏ Vehicle Cargo Checking System(VCCS) စနစ်တွင် မှတ်တမ်းတင်ဆောင်ရွက်ရမည်ဖြစ်ပြီး ကုန်သွယ်ရေး ဦးစီးဌာနမှလည်း ၎င်းယာဉ်များကို ကတ္တားချိန်ခြင်း၊ ယာဉ် အဝင်အထွက် စာရင်း ပြုလုပ်ခြင်းတို့အား ဆောင်ရွက်မည်ဖြစ်ကာ ၎င်းယာဉ်များကို ကုန်သွယ်ရေးဇုန် အတွင်းမှ သီးသန့်လမ်းကြောင်းဖြင့် ထွက်ခွာနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိ ကြောင်း သိရသည်။ 

 

မျိုးဝင်းနိုင်(မြဝတီ)