ထားဝယ်အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရေး အဝေးပြေးကားလမ်းဖောက်လုပ်ဖို့က ဦးစားပေး လုပ်ငန်းဖြစ်လာ

     မြန်မာနိုင်ငံတွင် အထူးစီးပွားရေးဇုန်သုံးဇုန် ရှိသည့်အထဲ ထားဝယ်အထူးစီးပွားရေးဇုန်သည် နိုင်ငံအတွက် အရေးကြီးသည့် စီမံကိန်းတစ်ခု ဖြစ်လာနေသည်။ အထူးစီးပွားရေးဇုန်များဖွံ့ဖြိုးလျှင် နိုင်ငံစီးပွားရေးဖွံ့ဖြိုးမည်မှာ တိုက်ရိုက်အချိုးကျသည်။ သီလဝါအထူးစီးပွားရေးဇုန် အောင်မြင် လာသောအခါ ထားဝယ်အထူးစီးပွားရေးဇုန်ကို လည်း အောင်မြင်အောင် အကောင်အထည်ဖော် ဖို့ လိုအပ်လာသည်။ အကြောင်းကြောင်းကြောင့် ကြန့်ကြာနေေ သာ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းပြန်လည် စတင်နိုင်ရန် ယခုအခါ အာရုံစိုက်မှုများ ရှိလာနေသည်။ ထားဝယ်ဇုန် စီမံကိန်း အကောင်အထည်ဖော်ရေး အစကနဦးက မြန်မာ နှင့် အီတာလျံထိုင်းကုမ္ပဏီတို့ ပူးပေါင်း ဆောင် ရွက်ရေး ညှိနှိုင်းခဲ့ကြသည်။ ယခုဂျပန်နိုင်ငံကပါ ပါဝင်ဆောင်ရွက်ရန် အခြေအနေများ ဖြစ်ပေါ်လာ သည်။

     ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်း ပြန်လည်ဆောင်ရွက်ရေးကိစ္စ ပြည်သူလူထုကပါ စိတ်ဝင်တစားရှိလာနေသည်။ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမြင့်ဆန်းအား ကြေးမုံသတင်း စာက တွေ့ဆုံမေးမြန်းထားသည်။ အများပြည်သူတို့ ရေငတ်တုန်း ရေတွင်းထဲကျ ဖြစ်ခဲ့သည်။ ဒေါက်တာ မြင့်ဆန်းပြောကြားချက်များကို ကောက်နုတ်ပြီး အရေးကြီးသည့်   သိသင့်သိထိုက်သည်များကို ကောမတ်စ်ဂျာနယ် စာဖ တ်ပရိသတ်အတွက် တင်ပြချင်သည်။ အထူးစီးပွားရေးဇုန် စီမံကိန်းတစ်ခု အောင်မြင်ရေးသည် ပြည်သူလူထု ပူးပေါင်းပါဝင် ရေးအပေါ်တွင်လည်း မူတည်သည်။ ပွင့်လင်းမြင် သာမှုဘယ်လောက်ရှိလဲဆိုသည်လည်း အထူး လိုအပ်သည်။

      ထားဝယ်အထူးစီးပွားရေးဇုန် ဘာကြောင့် ကြန့်ကြာနေရသလဲအမေးရှိလျှင် အကြောင်းရင်း မျိုးစုံရှိနေသည်။ အီတာလျံထိုင်းကုမ္ပဏီဘက်က ဘဏ္ဍာရေးအခက်အခဲကြောင့်က အဓိကဖြစ်သည်။ နှစ်ဖက်ဖြည့်ဆည်းပေးရမည့် အချက်များ လည်းရှိသည်။ မြန်မာဘက်က ဖြည့်ဆည်းပေး ရမည့်အချက်များ ပြည့်စုံအောင်မဖြည့်ဆည်းပေး ခြင်း၊ အီတာလျံထိုင်းကုမ္ပဏီဘက်က မဖြည့်ဆည်း ပေးနိုင်ခြင်းတို့ကြောင့် ကြန့်ကြာနေရသည်ဟု သိရ သည်။ ထားဝယ်အထူးစီးပွားရေဇုန် စီမံကိန်းကို ၂၀၀၈ ခုနှစ်ကတည်းက အီတာလျံထိုင်းကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်မည် သဘောတူခဲ့၏။ ငွေကြေး ရင်းနှီးမြှုပ်နှံမှုအခက်အခဲကြောင့် ၂၀၁၃ ခုနှစ်တွင် ရပ်ဆိုင်းခဲ့သည်။ အစကနဦး က အီတာလျံထိုင်း ကုမ္ပဏီနှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်တို့ ပူးပေါင်း ဆောင်ရွက်မည်ဟု သဘောတူခဲ့၏။ ၂၀၁၃ ခုနှစ် နောက်ပိုင်း တင်ဒါအသစ်ပြန်ခေါ်ခဲ့သည်။ အီတာလျံ ထိုင်းကုမ္ပဏီပဲ တင်ဒါအောင်သည်။ တင်ဒါအောင် ခဲ့ပေသည့် ၂၀၁၅ ခုနှစ်နောက်ပိုင်းအထိ အီတာလျံ ထိုင်း ကုမ္ပဏီ၏  ငွေရေးကြေးရေးအခက်အခဲ ကြောင့် ကြန့်ကြာမှုများထပ်ဖြစ်ရသည်။ မြန်မာ ဘက်ကလည်း ဖြည့်ဆည်းပေးရမည့်သဘာဝပတ် ဝန်းကျင်ထိခိုက်မှု လေ့လာ ဆန်းစစ်ချက် (EIA) နှင့် လူမှုရေးထိခိုက်နစ်နာမှုလေ့လာဆန်း စစ်ချက် (SIA) မြေငှားစာချုပ်စသည့်ကိစ္စများရှိနေခဲ့သည်။ ထို့ကြောင့် ၂၀၁၉ ခုနှစ်အထိ နှောင့်နှေးနေရခြင်း ဖြစ်သည်ဟု ဒေါက်တာမြင့်ဆန်းက ဆိုသည်။ မြေငှား စာချုပ်ကိစ္စ မြန်မာနှင့် အီတာလျံထိုင်း ကုမ္ပဏီတို့ ဆွေးနွေးခဲ့သည်မှာ တစ်နှစ်ကျော်ကြာခဲ့ သည်။ ယခုမြေငှားစာချုပ် ကိစ္စအပြီးသတ်ပြုလုပ် နိုင်ခဲ့ပြီဖြစ်သည်။ မြေငှားစာချုပ် ညှိနှိုင်းခြင်းပြီး စီးပြီဖြစ်၍ အီတာလျံထိုင်းကုမ္ပဏီ ဘက်က လက်ခံ ဖို့ပဲလိုတော့သည်။ လက်ခံပြီးဆိုလျှင် စီမံကိန်း စတင်အကောင်အထည်ဖော်မှု ယခုနှစ်ထဲတွင် ပြန်လည် စတင်နိုင်တော့မည်ဖြစ်သည်။

       ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းတွင် အပိုင်းနှစ်ပိုင်း ပါဝင်သည်။ ကနဦးစီမံကိန်းနှင့် ပင်မစီမံကိန်းတို့ဖြစ်သည်။ ကနဦးစီမံကိန်းထဲတွင် အဝေးပြေးလမ်း ဖောက်လုပ်ဖို့အစီအစဉ်ပါဝင် သည်။ အဝေးပြေးလမ်းဆိုသည် မှာ ထားဝယ်အထူး စီးပွားရေးဇုန်နှင့် ထိုင်းနိုင်ငံဆက်သွယ်မည့် ထားဝယ်-ထီးခီးလမ်း (ထားဝယ်စီးပွားရေးဇုန်လမ်း) ဖြစ်သည်။ ယင်းအဝေးပြေးလမ်းကို နှစ်လမ်းသွား အဖြစ် ဖောက်လုပ်မည်။ ယင်းအဝေးပြေးလမ်းကို မြန်မာ ဘက်က ထိုင်းနိုင်ငံချေးငွေဖြင့် ဖောက်လုပ် မည်ဆုံးဖြတ် ထားသည်။ ယင်းအဝေးပြေးလမ်း သည် ယခင်ကတည်းက လမ်းကြောင်းရာ မြေသား လမ်းအဖြစ် အီတာလျံထိုင်းဘက်က ဖောက်ပြီး သားဖြစ်သည်။ ထိုင်းနယ်စပ်မှ ထားဝယ်စီးပွားရေး ဇုန် အထိ ၁၃၈ ကီလိုမီတာရှည်သည်။ အဝေးပြေး လမ်း ဖောက်လုပ်မှုကုန်ကျစရိတ်ကို ထိုင်းဘတ်  ၄ ဒသမ ၅ ဘီလီယံ ကုန်ကျမည်ခန့်မှန်းထားသည်။ အမှန်တကယ်ကုန်ကျနိုင်ခြေရှိ၊ မရှိ၊ လမ်းလုံခြုံရေး၊ လမ်းဒီဇိုင်း စသည်များ ကွင်းဆင်းလေ့လာရန် ထိုင်း ဘက်က ငွေချေးမည့်အဖွဲ့ NEDA က ယခုပြုလုပ် နေသည်။ NEDA ဆိုသည်မှာ ထိုင်းနိုင်ငံ၏ အိမ်နီး ချင်းနိုင်ငံများ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ကူညီ ပေးရေးအေဂျင်စီဖြစ် သည်။ NEDA ၏ ကွင်းဆင်း လေ့လာမှုများ လာမည့်စက်တင်ဘာလတွင် ပြီးစီး မည်။ ပြီးပြီဆိုလျှင် ထိုင်းအစိုးရနှင့် မြန်မာအစိုးရ တို့ ချေးငွေစာချုပ်လက်မှတ်ရေးထိုးမည်။ ပြီး လျှင် လမ်းဖောက်မည့် ကုမ္ပဏီကို တင်ဒါခေါ်မည်။ ထိုင်းချေးငွေယူပြီး လမ်းဖောက်ရသည်ဖြစ်၍ ထိုင်း ဆောက်လုပ်ရေးကုမ္ပဏီသာ တင်ဒါအောင်မည် ဖြစ်သည်။ လမ်း ဖောက်လုပ်ရေး တင်ဒါကိစ္စပြီးလျှင် ခန့်မှန်းခြေ ၂၀၂၀ ပြည့်နှစ်လယ်ပိုင်းတွင် စီမံကိန်း စတင်နိုင်မည်ဖြစ် သည်ဟု  ဒေါက်တာမြင့်ဆန်း ရှင်းလင်းဖြေထားသည်။ ထားဝယ်စီး ပွားရေးဇုန်၏ ကနဦးစီမံကိန်းအပိုင်းတွင်  ထားဝယ်-ထီးခီး နှစ်လမ်းသွားအဝေးပြေးလမ်း ဖောက်လုပ်ရေး သည် အရေးကြီးသည်။

     ထားဝယ်အထူးစီးပွားရေးဇုန် ဒုတိယပိုင်း ကိုတော့ ပင်မစီမံကိန်းအပိုင်း (Full Phase) ဟု ခေါ်၏။ ပင်မစီမံကိန်းတွင် အထူးစီးပွားရေးဇုန် တစ်ခုလုံး ပါဝင်သည်။ ဇုန်တစ်ခုလုံးအကျယ် ၁၉၆ စတုရန်းကီလိုမီတာရှိသည်။ ကန ဦးစီမံကိန်းက ၂၇ စတုရန်းကီလိုမီတာရှိသည်။ ၁၆၉  စတုရန်းကီလို မီတာ အကျယ်ကျန်သည်။ ယင်းဧရိယာပေါ်တွင် စီးပွားရေးဇုန်နှင့် သက်ဆိုင်သည့်အခြေခံ အဆောက် အအုံများ တည်ဆောက်မည်။ ပင်မစီမံကိန်းအပိုင်းတွင် ဂျပန်နိုင်ငံပါဝင်ပတ်သက်လာသည်။ ပင်မ စီမံကိန်းကို အစကနဦးကတည်းက ထိုင်းဘက်က မဟာ စီမံကိန်း (Master Plan) ရေးဆွဲပြီးဖြစ်သည်။ ၂၀၁၅ ခုနှစ်ကတည်းက ရေးပြီးသားဖြစ်၏။ ထိုအခါ ဂျပန်နိုင်ငံ ပူးပေါင်း ပါဝင်ရင်းနှီးမြှုပ်နှံချင် သောအခါ ၂၀၁၇ ခုနှစ်တွင် နဂိုရေးပြီးသား မဟာ စီမံကန်းကိုအခြေခံပြီး ဂျပန်နိုင်ငံ အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအေဂျင်စီ (JICA) အဖွဲ့က လေ့လာမှုစစ်တမ်းပြုလုပ်ခဲ့သည်။ အချိန် တစ်နှစ်ကြာသည်ဆို၏။ ယခုတော့  JICA ၏ လေ့လာမှု စစ်တမ်းထွက်လာပြီဖြစ်၏။ စီမံကိန်းစစ် တမ်းပြုလုပ်ပြီးသွား၍  မည်သို့ ဆက်လက်အကောင် အထည်ဖော် မည်လဲ သုံးနိုင်ငံဆွေးနွေးကြမည်။

      JICA  ၏ စီမံကိန်းစစ်တမ်းအရ ထားဝယ် အထူး စီးပွားရေးဇုန်ပင်မစီမံကိန်းကြီးကို အပိုင်း သုံးပိုင်းခွဲထား၏။ ၂၀၂၀-၂၀၃၀ ပြည့်နှစ်အထိ ပထမပိုင်း၊ ၂၀၃၀-၂၀၄၀ ဒုတိယပိုင်းနှင့် ၂၀၄၀-၂၀၅၀ တတိယပိုင်းဟူ၍ဖြစ်သည်။ ပင်မစီမံကိန်း ကို မြန်မာ၊ ထိုင်း၊ ဂျပန်သုံးနိုင်ငံပူးပေါင်း ဆောင် ရွက်သွားမည်။ သုံးနိုင်ငံအစိုးရတို့ ယခု ၂၀၁၉ ထဲ တွင် မည်သို့ပူးပေါင်းဆောင်ရွက်ကြမည်လဲ တွေ့ဆုံ ညှိနှိုင်းဆွေးနွေးပွဲပြုလုပ်တော့မည် သိရ၏။ ပင်မ စီမံကိန်း ပထမပိုင်းတွင် အခြေခံအဆောက်အအုံ များဖြစ်သော လမ်း၊ တံတား၊ လျှပ်စစ်မီး၊ ရေနှင့် ရေနက်ဆိပ်ကမ်းစသည့် တည်ဆောက်ရေးလုပ်ငန်း များပါဝင်သည်။ ယင်းတည်ဆောက်ရေးလုပ်ငန်း များတွင် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ် ရမည်ဖြစ်သည်။ မြန်မာဘက်ကတော့ ထားဝယ်ဒေသသည် အထူး စီးပွားရေးဇုန်အတွက် အခြေခံအဆောက်အအုံ များ ပြည့်စုံခြင်းမရှိသေးသည့်အတွက် လာမည့် သုံးလေးနှစ်အတွင်း အခြေခံအဆောက်အအုံများ ပြည့်စုံအောင် ဆောင်ရွက်သွားမည်ဆိုသည်။ အခြေခံ အဆောက်အအုံများ ပြည့်စုံပြီဆိုလျှင် အထူးစီးပွား ရေးဇုန်၌ ဂျပန်ကုမ္ပဏီများ၊ ထိုင်းကုမ္ပဏီများနှင့် အခြားနိုင်ငံတကာကုမ္ပဏီများ လာရောက် ရင်းနှီး မြှုပ်နှံရန် ဖိတ်ခေါ်သွားမည်ဟု ရည် မှန်းထားသည် သိရ၏။ ထားဝယ် အထူးစီးပွားရေးဇုန်စီမံကိန်း ပြန်စနိုင်ရေး အဝေးပြေးလမ်းစဖောက်နိုင်ဖို့ ဦးစွာလိုအပ်သည်။ အဝေးပြေးလမ်းဖောက်ရေးနှင့်အတူ အီတာလျံထိုင်းကုမ္ပဏီဘက်က မြေငှားစာချုပ်ကိစ္စများ လက်ခံ ဖို့လည်းလိုသည်။ အီတာလျံထိုင်းကုမ္ပဏီ ဘက်က ကြန့်ကြာမှုဖြစ်အောင် နှစ်ကြိမ်နှစ်ခါ ပျက် ကွက်ထား၍ သည်တစ်ခါတော့ ဆိုက်ဆိုက်မြိုက် မြိုက် ဆောင်ရွက်လိမ့်မည်ဟု ယူဆပါကြောင်း တင်ပြလိုက်ရပါသည်။

 

ကိုးကား- အင်တာနက်သတင်းများ၊

၁၀-၈-၂၀၁၉ ထုတ်ကြေးမုံ