မြန်မာ-ထိုင်းနယ်စပ်မှ ရေထွက်ကုန်များ တင်ပို့မှုကျဆင်း

       မြန်မာ-ထိုင်းနယ်စပ်ရှိ ကုန်သွယ်ရေးဇုန်နဲ့ ကုန်သွယ်ရေးစခန်းများမှ ဇန်နဝါရီ ၂၀ ရက်မှ ၂၆ ရက်ထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၈ ဒသမ ၀၇၆ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၉၈၇၂ တန်ကို တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်ကတန် ၁၁၃၈၀ တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၁၅၀၈ တန် လျော့နည်းခဲ့တယ်လို့ သိရပါတယ်။ ယခုတစ်ပတ်မှာ မြဝတီ ကုန်သွယ်ရေးဇုန်မှ ရေထွက်ကုန်များ  ပိုမိုတင်ပို့ခဲ့ပေမယ့် မြိတ်ကုန်သွယ်ရေးစခန်းနဲ့  ကော့သောင်းကုန်သွယ်ရေးစခန်းတို့ မှ ရေထွက်ကုန်များ လျော့နည်းတင်ပို့ခဲ့တဲ့အတွက် ယခုလိုတင်ပို့မှုကျဆင်းရခြင်းဖြစ်တယ်လို့ သိရပါတယ်။
         တင်ပို့မှုကိုကြည့်ပါက မြဝတီကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ သုညဒသမ ၁၆၄ သန်းတန်ဖိုးရှိ ငါးမျိုးစုံ၊ ပုစွန်၊ ကဏန်းတို့ကို ၁၃၃ တန်၊ မြိတ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၃ ဒသမ ၀၉၀ သန်း တန်ဖိုးရှိ ငါးမျိုးစုံ၊ ငါးမှုန့်၊ ကင်းမွန်၊ အေးခဲပုစွန်၊ အေးခဲကဏန်းပျော့၊ မွေးပုစွန်၊ ငါးခြောက်၊ သဲကဏန်း၊ ကင်းမွန်လိပ်၊ ကင်းမွန်ခြောက်တို့ကို ၂၂၆၂ တန်၊ ကော့သောင်းကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၄ ဒသမ ၈၂၂ သန်းတန်ဖိုးရှိ ငါးမျိုးစုံ၊ ကင်းမွန်၊ ပုစွန်၊ ကဏန်း၊ ရေဘဝဲ၊ ပင်လယ် ငါးရှဉ့်၊ အခြား ရေထွက်တို့ကို ၇၄၇၇ တန် တင်ပို့ခဲ့တယ်လို့ သတင်းရရှိပါတယ်။

 

ခင်မိုးသူ