မြန်မာထိုင်းနယ်စပ်မှ ရေထွက်ကုန်များပိုမိုတင်ပို့

     မြန်မာ-ထိုင်းနယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ အောက်တိုဘာ ၁၄ ရက်မှ ၂၀ ရက်ထိသီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၅ ဒသမ ၀၂၉ သန်းတန်ဖိုးရှိ ရေထွက်ကုန်မျိုးစုံ ၅၇၈၆ တန်ကို တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယခင်တစ်ပတ်က ၄၉၉၈ တန်တင်ပို့ခဲ့တဲ့အတွက် ယခုတစ် ပတ်မှာ ၇၈၈ တန်ပိုမိုတင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယခုတစ်ပတ်မှာ မြိတ်ကုန်သွယ်ရေးစခန်းမှ ရေထွက်ကုန် လျော့နည်းတင်ပို့ခဲ့ပေမယ့် မြဝတီကုန်သွယ်ရေးဇုန်နဲ့ ကော့သောင်းကုန်သွယ်ရေးစခန်းမှ ရေထွက် ကုန်များပိုမိုတင်ပို့ခဲ့တဲ့အတွက် ယခုလိုပိုမိုရခြင်းဖြစ်ပါတယ်။
   တင်ပို့မှုကိုကြည့်ပါက မြဝတီကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ သုည ဒသမ ၁၉၃ သန်းတန်ဖိုးရှိ ငါးမျိုးစုံ၊ ကဏန်း၊ ပုစွန်နဲ့အခြား ရေ ထွက်ကုန်တို့ကို ၁၅၄ တန်၊ ကော့သောင်းကုန်သွယ်ရေးစခန်းမှ အမေရိကန် ဒေါ်လာ ၂ ဒသမ ၇၁၁ သန်း တန်ဖိုးရှိ ငါးမျိုးစုံ၊ ကင်းမွန်၊ ပုစွန်၊ ကဏန်း၊ ရေဘဝဲ၊ အခြားရေထွက်ကုန်၊ ပင်လယ်ငါးရှဉ့်တို့ကို ၃၆၁၃ တန်နဲ့ မြိတ် ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၁၂၅ သန်းတန်ဖိုးရှိ မွေးပုစွန်၊ ရေငန် ပုစွန်၊ ကင်းမွန်၊ ကင်းမွန်(လိပ်)၊ သဲကဏန်း၊ ငါးမှုန့်၊ ငါးမျိုးစုံတို့ကို ၂၀၁၈ တန်တင်ပို့ခဲ့တယ်လို့ သတင်းရရှိပါတယ်။

 

ခင်မိုးသူ