စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့်သွင်းကုန်မြင့်တက် ခြင်းအပေါ် အကာအကွယ်ပေးမှုဥပဒေ(မူကြမ်း)နှင့်ပတ်သက်သည့်အလုပ်ရုံဆွေးနွေးပွဲသို့တက်ရောက် အမှာစကားပြောကြား

      နေပြည်တော် - စက်တင်ဘာလ - ၈ ရက်  သွင်းကုန်မြှင့်တက်ခြင်းအပေါ် အကာအကွယ်ပေးမှု ဥပဒေ (မူကြမ်း) Safeguard Law (Draft) နှင့် ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် (၀၉:၃၀)နာရီ အချိန်တွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။

           ပြည်ထောင်စုဝန်ကြီးမှ အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံအနေဖြင့် ပြုပြင်ပြောင်းလဲမှုများကို အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပြီး ဒေသတွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့်လည်း တက်ကြွစွာပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ကုန်သွယ်မှုတိုးမြှင့်နိုင်ရေးအတွက် ကုန်သွယ်မှုမူဝါဒအသစ်များချမှတ်ခြင်း၊ လိုအပ်သော ဥပဒေများပြဌာန်းခြင်း၊ ကုန်သွယ်မှုဆိုင်ရာ ကုန်သွယ်မှုဆိုင်ရာ ဖြေလျော့ခြင်းများ ကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတကာကုန်သွယ်မှုနှင့်ပတ်သက်ပြီး အဆင်ပြေချောမွေ့စေရေးအတွက် WTO ကဲ့သို့သော နိုင်ငံတကာ အဖွဲ့အစည်းများ၏လုပ်ထုံးလုပ်နည်းများ နှင့် အညီ ဖြေလျော့ မှုများ ဆောင်ရွက်နေသကဲ့သို့ အခြားတစ်ဖက်မှာလည်း ပြည်ပမှဝင်ရောက်လည်သည့် သွင်းကုန်ပစ္စည်းများကြောင့် ပြည်တွင်းလုပ်ငန်းရှင်များ ထိခိုက်နစ်နာခြင်းမှ သက်သာစေရန် ကုန်သွယ်ရေး ဆိုင်ရာ ကုစားမှုများဖြစ်သော Safeguard ၊ Antidumping နှင့် Countervailing တို့ဖြင့် အကာအကွယ် ပေးဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ အာဆီယံစီးပွားရေးအသိုက်အဝန်း (AEC) ကာလတွင် ပြည်ပမှ လွတ်လပ်စွာ စီးဆင်းဝင်ရောက်လာမည့် ကုန်စည်များကြောင့် ပြည်တွင်းအသေးစားနှင့် အလတ်စားထုတ် လုပ်သူများ ယှဉ်ပြိုင်မှုအခက်အခဲရှိနေချိန် ထိခိုက်နစ်နာမှုများကို ကာကွယ်နိုင်ရန်အတွက် ဥပဒေရေးဆွဲရန် လိုအပ်လာကြောင်း၊ ပထမအဆင့်အနေဖြင့် သွင်းကုန်မြင့်တက်ခြင်းကြောင့် ပြည်တွင်းလုပ်ငန်းရှင်များ ထိခိုက်နစ်နာမှုဖြစ်ပေါ်ခြင်းမှ ကာကွယ်နိုင်သည့် Safeguard ဥပဒေကြမ်းကို ဝန်ကြီးဌာနအတွင်းမှဖွဲ့ပြီး ရေးဆွဲပြုစုထားပါကြောင်း၊ များနှင့်အညီပြုစုထားသော ဥပဒေကြမ်းတို့ကို နားလည်သိရှိပြီး ရှေ့ဆက်အကောင်အထည်ဖော်ရာမှ ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ဖို့အတွက် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဆက်စပ်ဌာနများကိုဖိတ်ကြားပြီးယခုကဲ့သို့ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်းဖြစ်ပါကြောင်း ပြောကြားသည်။

          ထို့နောက် ESCAP အဖွဲ့မှ Economic Affairs Officer Mr. Rajan Sudesh Ratna မှ ကြိုဆိုနှုတ် ခွန်းဆက်စကားပြောကြားပြီး အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲ အခမ်း အနားအား ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါ သည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ လွှတ်တော်ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ အရာထမ်းများစုစုပေါင်း (၅၄) ဦးခန့်တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။