ဂျပန်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တက်စေမည့် ဝန်ကြီးချုပ်၏ ဂျပန်နိုင်ငံခရီးစဉ်

   ဂျပန်နိုင်ငံနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို ကျယ်ပြန့်စွာဆောင်ရွက်ရန် ထိုင်းနိုင်ငံဝန်ကြီးချုပ်၏ ဂျပန်နိုင်ငံခရီးစဉ်အတွင်း ဂျပန်နိုင်ငံနှင့်လက်မှတ်ရေးထိုးမည့် နားလည် မှုစာချွန်လွှာကို ၃.၂.၂၀၁၅ ရက်နေ့၌ အစိုးရအဖွဲ့မှအတည်ပြုခဲ့ပါသည်။ နားလည်မှုစာချွန်လွှာတွင် ထားဝယ်စီမံကိန်း၊ ရထားလမ်းသစ်တည်ဆောက်ခြင်း၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ခြင်းစသည်တို့တွင် ပူးပေါင်းဆောင်မှုကို အသားပေးထားကြောင်းသိရှိ ရပါသည်။

   ဂျပန်နိုင်ငံအနေဖြင့် ထားဝယ်စီမံကိန်းတွင်ပါဝင်ရန် မကြာသေးခင်က ကျင်းပခဲ့သည့်အစည်းအဝေး၌ သဘောတူခဲ့ပြီးဖြစ်ကြောင်း၊ ထားဝယ်နှင့် ထိုင်းနယ်စပ်ကို ဆက် သွယ်ပေးမည့် ၁၃၈ ကီလိုမီတာ ကားလမ်းတည် ဆောက်ရေးအတွက် အတိုးနှုန်းသက်သာသော ကာလရှည်ချေးငွေ (soft loan) ထုတ်ချေးပေးဖွယ်ရှိကြောင်း၊ ထို့ပြင် ဂျပန်နိုင်ငံသည် ထားဝယ်စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရန် တည်ထောင်ထားသော ထားဝယ် အထူးစီးပွားရေးဇုန်ဖွံ့ဖြိုးရေးကုမ္ပဏီ (Dawei SEZ Development Co. DSEZ) တွင် စီးပွားဖက်အဖြစ် ပါဝင် ဆောင်ရွက်ရန် သဘောတူပြီးဖြစ်ကြောင်းသိရှိရပါသည်။

   ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် DSEZ ကို မတည်ရင်းနှီးမြှုပ်နှံငွေ ဘတ် ၁၂ သန်းဖြင့် ထိုင်းနိုင်ငံ၌ ကုမ္ပဏီမှတ်ပုံတင်၍ တည်ထောင်ခဲ့ပါသည်။ ထို့ပြင် ဆိပ်ကမ်း၊ ကား လမ်း၊ ရထားလမ်း၊ လျှပ်စစ်ဓါတ်အားပေး စက်ရုံများ၊ ရေးပေးဝေရေး၊ စက်မှုဇုန်များ၊ ဆက်သွယ်ရေးစသည်တို့ကို စီမံခန့်ခွဲရန် အထူးကုမ္ပဏီကို မြန်မာနိုင်ငံ၌ မှတ်ပုံတင် တည်ထောင်ရန်သဘောတူခဲ့ပါသည်။

   ဂျပန်နိုင်ငံဝန်ကြီးချုပ်မှလည်း ထိုင်းနိုင်ငံ၏ အခြေခံဆောက်အဦဖွံ့ဖြိုးရေးအတွက် ဂျပန်နိုင်ငံ၏ အဆင့်မြင့်နည်းပညာများ၊ အသိပညာများ၊ အလားတူစီမံကိန်းအကောင် အထည်ဖော်ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများဖြင့် ပံ့ပိုးကူညီရန် ကတိပြုခဲ့ပါသည်။ ဒေသတွင်းဆက်သွယ်မှုကို မြှင့်တင်ခြင်းနှင့် ထိုင်းနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် ရထားလမ်းပို့ဆောင်ရေးသည် ကြီးမားစွာအရေးပါကြောင်း နှစ်နိုင်ငံစလုံးမှယူဆကြပါသည်။

    ဂျပန်-ထိုင်းစီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်ကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းအပါအဝင် စီးပွားရေးအရဆက်ဆံမှုပိုမိုအားကောင်းလာရေးဆောင် ရွက်ရန်ထပ်လောင်းအတည်ပြုခဲ့ကြပါသည်။ ကုန်စည်နှင့် ဝန်ဆောင်မှုများ၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေး၊ အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ၏ ယှဉ်ပြိုင်မှု စွမ်းအားမြှင့်တင်ရေးစသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန် ဆောင်ရွက်ကြမည်ဖြစ်ပါသည်။

    ဝန်ကြီးချုပ် Gen Prayut ၏ (လာမည့် ရက်သတ္တပတ်တွင်သွားရောက်မည့်) ဂျပန်နိုင်ငံခရီးစဉ်အတွင်း ထိုင်းကုန်သည်ကြီးများအသင်းနှင့် ထိုင်းစက်မှုလုပ်ငန်းရှင်များ အသင်း ချုပ်၊ ထိုင်းဘဏ်လုပ်ငန်းရှင်များအသင်းတို့ သည် ဂျပန်နိုင်ငံ၌ ထိုင်းနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများမြှင့်တင်ရန် ဂျပန်နိုင်ငံပြည်ပကုန်သွယ်ရေးအဖွဲ့ (Japan External Trade Organization - JETRO) နှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးကြမည်ဖြစ်ပါသည်။

    ထိုင်းနိုင်ငံ ဝန်ကြီးချုပ်သည် ဂျပန် - ထိုင်းစီးပွားရေးဖိုရမ်အဖွဲ့နှင့် ဂျပန်စီးပွားရေးလုပ်ငန်းရှင်များအသင်းချုပ် (Japan Business Federation / Keidanren) တို့နှင့် တွေ့ဆုံရန် စီစဉ်ထားကြောင်းသိရှိရပါသည်။

ရီရီမွန်၊ စီးပွားရေးသံမှူး

မြန်မာသံရုံး၊ ဘန်ကောက်မြို့