ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်၊ IBEC ဆရာတော် ဦးသောဘိတနှင့် အလှူရှင်များကောင်းမှု ဆေးရုံကြီးတွင် မျက်စိရောဂါများကို အခမဲ့ စစ်ဆေး၊ ကုသ၊ ခွဲစိပ်ပေးရုံ သာမက သွားနှင့်ခံတွင်း ရောဂါကိုပါ လက်ခံကုသပေးနေကြောင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ကျွန်းလှမြို့နယ်မှာ သီတဂူဆရာတော် ဆရာတော်အရှင်ဉာဏိသရရဲ့ သြဝါဒကိုခံယူပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့်၊ IBEC ဆရာတော် ဦးသောဘိတနှင့် အလှူရှင်များကောင်းမှု  ပေါင်းစုတည်ဆောက်ခဲ့တဲ့ အဆောက်အဦနဲ့ဆေးပစ္စည်းကိရိယာအပါအဝင် သိန်းပေါင်းရှစ်ထောင်ကျော်တန်သီတဂူစက္ခုဒါနဆေးရုံတော်ကြီးကို ( 21 - 12 – 2014 ) ရက်တနင်္ဂနွေနေ့ နံနက်ပိုင်းက သီတဂူဆရာတော်ဘုရားကြီးကြီးမှူးပြီးဖွင့်လှစ်ခဲ့ပါပြီ။ဒီဆေးရုံကြီးမှာမျက်စိရောဂါများကိုအခမဲ့စစ်ဆေး၊ကုသ၊ ခွဲစိပ်ပေးရုံသာမကသွားနှင့်ခံတွင်း ရောဂါကိုပါလက်ခံကုသပေးနေကြောင်း ဆရာတော်ကြီးရဲ့ မိန့်ကြား ချက်အရသိရှိရပါတယ်။ လက်ရှိအချိန်ထိ မျက်စိဝေဒနာရှင်ပေါင်း သောင်းချီရှိနေပြီး တစ်နေ့ကိုလူနာ ရာနှင့်ချီ်ကြည့်ရှုကုသပေးနေရာမှာ ခွဲစိပ်ကု မျက်စိဝေဒနာရှင်ပေါင်း ၇၀ မှ ၁၀၀ ဦးခန့်ရှိနေလို့ ဒီလူနာများဆေး ဆက်လက် ကုသဖို့အတွက် နေရာအခက်အခဲရှိနေကြောင်းလည်းသိရှိရပါတယ်။ လူနာတွေကလည်း ဝင်လာမစဲရှိနေတဲ့အတွက် Demand က များနေပြီး Supply များများလိုနေပြီဆိုတာတွေ့ရတယ်လို့လည်း ဆရာတော်ကြီးမှ မိန့်ကြား သွားပါတယ်။ ဒါကြောင့်လည်းဆရာတော်ကြီးက ရေစက်ချပွဲ အခမ်းအနားပိတ်ပွဲအစီအစဉ်မှာ သီတဂူအဓိဌာန်နဲ့သိမ်းမယ်ဆိုပြီး ဒကာ၊ ဒကာမများကို အခုလိုရွတ်ဆိုစေပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါတယ်--

          ငါတို့ဖြစ်ရ ဤလောကဝယ်

          ဘဝသမိုင်း မရိုင်းစေရန်

          စိတ်မာန်မချ မာနမပါ

          တို့စွမ်းရာဖြင့်-----

          တို့သာသနာ တို့ပြည်ရွာကို

          သာယာစေမှု လုံ့လပြုအံ့။