လုပ်ငန်းသုံးယာဉ်အုပ်စုတွင်ပါဝင်ပြီး အထူးတည်ဆောက်ထားသည့်ယာဉ်များတင်သွင်းမှုနှင့်သက်ဆိုင်သော မူဝါဒလုပ်ထုံးလုပ်နည်းများ ညှိနှိုင်းအစည်းအဝေးနှင့်ကုန်သွယ်မှုကိစ္စရပ်များဆွေးနွေးခြင်းအစည်းအဝေးသို့ပြည်ထောင်စုဝန်ကြီး တက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊  ဇွန်လ ၂၈     စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းသည် ၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၈ ရက် (တနင်္လာနေ့)၊ နေ့လည် (၁၃:၀၀) နှင့် (၁၅:၀၀) နာရီအချိန်တို့တွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့်လုပ်ငန်းသုံးယာဉ်အုပ်စုတွင် ပါဝင်ပြီးအထူးတည်ဆောက်ထားသည့် Special Purpose Vehicle ယာဉ်များတင်သွင်းမှုနှင့်သက်ဆိုင်သော မူဝါဒလုပ်ထုံး လုပ်နည်းများညှိနှိုင်းအစည်းအဝေးနှင့် Virtual ဖြင့်ကျင်းပပြုလုပ်ခဲ့သည့် နယ်စပ်ကုန်သွယ်ရေးအသင်းများနှင့်ကုန်သွယ်မှုကိစ္စရပ်များ ဆွေးနွေးခြင်းအစည်းအဝေးများသို့ တက်ရောက်အမှာစကားပြောကြားခဲ့သည်။

          ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပြည်ပမှမော်တော်ယာဉ်များတင်သွင်းသည့် မူဝါဒများနှင့် ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များ လုပ်သာကိုင်သာရှိစေရေးနှင့် နိုင်ငံတော်မှ  ရသင့်ရထိုက်သော အခွန်များရရှိရေးဦးတည်ပြီး မူဝါဒများကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိပါကြောင်း၊ လုပ်ငန်းသုံးမော်တော်ယာဉ်များ တင်သွင်းရာတွင် နယ်စပ်စခန်းများမှ Brand New လုပ်ငန်းသုံးမော်တော်ယာဉ်များကိုသာ တင်သွင်းခွင့်ပြုရန်နှင့် ပို့ကုန်/သွင်းကုန်ကုမ္ပဏီများမှ  ပုံမှန်လိုင်စင်ဖြင့် မော်တော်ယာဉ်တင်သွင်းခြင်းများကို ကန့်သတ်၍ အရောင်းစင်တာ၊ အရောင်းပြခန်း ဖွင့်လှစ်ထားရှိသော ကုမ္ပဏီများမှတင်သွင်းရောင်းချခွင့်ပြုရန် ဆက်စပ်ဝန်ကြီးဌာနများနှင့်ပုဂ္ဂလိကလုပ်ငန်းရှင်မျာ:သို့ အသိပေးခဲ့ပြီးဖြစ်ပါကြောင်း၊ လုပ်ငန်းသုံးယာဉ်အုပ်စုတွင်ပါဝင်ပြီး အထူးတည်ဆောက်ထားသည့် Special Purpose Vehicle များဖြစ်သည့် အမှိုက်သိမ်းယာဉ်၊ ရေပုတ်စုပ်ယာဉ်၊ လူနာတင်ယာဉ်၊ ရေသယ်ယာဉ်၊ ဆီသယ်ယာဉ်၊ LPG/ LNG တင်ယာဉ်နှင့် Truck with Crane ကဲ့သို့ ယာဉ်တင်သွင်းမှုနှင့်ပတ်သက်၍ လက်ရှိကျင့်သုံးနေသော မူဝါဒများ ပြန်လည်လေ့လာသုံးသပ်ရန်အတွက် ယခုကဲ့သို့ အစည်းအဝေးပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊  ထို့ကြောင့် အစည်းအဝေးသို့ တက်ရောက်လာကြသည့်ဌာနဆိုင်ရာများနှင့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများအနေဖြင့်  အကြံပြုဆွေးနွေးပေးစေလိုပါကြောင်း ပြောကြားခဲ့သည်။   

          ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများနှင့်အသင်းအဖွဲ့များမှ ဆွေးနွေးတင်ပြကြပြီး တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးမှလိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး အစည်းအဝေးအား (၁၅:၀၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့သည်။

          အစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်နှင့်ဖိတ်ကြားထားသည့် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များမှတာဝန်ရှိပုဂ္ဂိုလ်များ၊ တက်ရောက်ခဲ့ကြသည်။

          ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည့်နယ်စပ်ကုန်သွယ်ရေးအသင်းများနှင့်ကုန်သွယ်မှုကိစ္စရပ်များဆွေးနွေးခြင်း အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားခဲ့သည်။

          အစည်းအဝေးတွင် နယ်စပ်ကုန်သွယ်မှုအခြေအနေများ၊ မြေပြင်တွင်လက်တွေ့ဆောင်ရွက်နေမှုအခြေအနေများကို တက်ရောက်လာကြသူများမှ ပွင့်ပွင့်လင်းလင်းဆွေးနွေးခဲ့ကြပြီး အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံပဲနှမ်းကုန်သည်အသင်းမှတာဝန်ရှိသူများ၊ မြဝတီ၊ မြိတ်၊ ကော့သောင်း၊ တမူး၊ ရိဒ်ဒေသတို့မှ နယ်စပ်ဒေသကုန်သည်အသင်းများမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအရာရှိကြီး များ၊ စုစုပေါင်း (၃၀) ဦးတို့ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။