စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ထမ်းသက်သာအရောင်းဆိုင် ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး တက်ရောက်

နေပြည်တော်၊ ဩဂုတ် ၂၁

   စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရှိ ဝန်ထမ်းများအတွက် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာ ဝယ်ယူရရှိနိုင်ရေးအတွက်ရည်ရွယ်၍ ဖွင့်လှစ်သည့် ဝန်ထမ်းသက်သာအရောင်းဆိုင်ဖွင့်ပွဲအား ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။

   အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ဝန်ထမ်းသက်သာအရောင်းဆိုင်ဖွင့်ပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ဆိုင်အတွင်း လှည့်လည်ကြည့်ရှုခဲ့သည်။ အဆိုပါ အရောင်းဆိုင်တွင် ဝန်ထမ်းများအနေဖြင့် ဆန်၊ ဆီ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ အာလူး၊ ကုလားပဲခြမ်း၊ ကြက်ဥ၊ ငြုပ်၊ ဆား အစရှိသော အခြေခံစားသောက်ကုန်များကို ပြင်ပဈေးနှုန်းထက်သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူ ရရှိနိုင်မည်ဖြစ်သည့်အပြင် ရေထွက်ကုန်ပစ္စည်းများနှင့် အခြားစားသောက်ကုန်များကိုပါ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူရရှိနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

   အဆိုပါ ဝန်ထမ်းသက်သာအရောင်းဆိုင်ဖွင့်ပွဲအခမ်းအနားသို့ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့်  အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။