မြန်မာ-တရုတ် စီးပွားရေးနှင့်ကုန်သွယ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဆွေးနွေးပွဲနှင့် လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ လင်ချန်းမြို့ ပြည်သူ့အစိုးရတို့ ပူးပေါင်း၍ မြန်မာ(နေပြည်တော်) - တရုတ် (လင်ချန်း) စီးပွားရေး ကုန်စည်ပြပွဲကို ၂၀၂၃ ခုနှစ်၊ မေလ ၂၅ ရက်နေ့မှ ၂၈ ရက်နေ့အထိ ကျင်းပလျက်ရှိရာ ဒုတိယမြောက်နေ့အစီအစဉ်အနေဖြင့် မြန်မာ-တရုတ် စီးပွားရေးနှင့် ကုန်သွယ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဆွေးနွေးပွဲနှင့် လက်မှတ်ရေး ထိုးပွဲ အခမ်းအနားတို့ကို ၂၀၂၃ ခုနှစ်၊ မေလ ၂၆ ရက်နေ့ (၀၉:၃၀) နာရီအချိန်တွင် မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂)ရှိ Plenary Hall ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် ရှေးဦးစွာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လင်ချန်း ယဉ်ကျေးမှု အကအဖွဲ့များမှ တရုတ်ရိုးရာ အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပါသည်။ ထို့နောက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ စီးပွားရေးသံမှူး Mr. Tan Shufu ၊ လင်ချန်းမြို့ စီးပွားရေးဌာန၊ ညွှန်ကြားရေးမှူး Mr.Zhou Yongzhi တို့က အဖွင့်အမှာစကားများ ပြောကြားခဲ့ကြပါသည်။ ထို့နောက် မြန်မာ-တရုတ် နှစ်နိုင်ငံမှ ကုမ္ပဏီများက နှစ်နိုင်ငံကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို ဆွေးနွေးတင်ပြခဲ့ ကြပါသည်။
ထို့နောက် နှစ်နိုင်ငံမှ ကုမ္ပဏီ (၁၇)ခုသည် လယ်ယာထွက်ကုန်ပစ္စည်း၊ စားသောက်ကုန် ပစ္စည်း၊ အချိုရည်နှင့် အဖျော်ယမကာ၊ ဆေးဝါးပစ္စည်း၊ အိမ်သုံးလျှပ်စစ်ပစ္စည်းနှင့် လျှပ်စစ်သုံး မော်တော်ယာဉ်များစသည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်ရေးနှင့် ကုန်သွယ်မှုဆိုင်ရာ သဘောတူစာချုပ် စုစုပေါင်း (၉) ခုကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း သတင်းရရှိသည်။