မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် (၃/၂၀၂၂) ပုံမှန်အစည်းအဝေးသို့ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး တက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊ ဒီဇင်ဘာ ၁၂     ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့၊ (၁၀:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ (၁)၌ ကျင်းပပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် (၃/၂၀၂၂) ပုံမှန်အစည်းအဝေးသို့ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက်အမှာစကားပြောကြားခဲ့သည်။

          ကော်မရှင်ဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် ယှဉ်ပြိုင်မှုဥပဒေသည် နိုင်ငံ့စီးပွား‌ရေး အတွက် အရေးပါသည့် ဥပဒေတစ်ရပ်ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ၃၆ (ခ) ပါပြဌာန်းချက်ဖြစ်သည့် စီးပွားရေးလုပ်ငန်းများတွင် လက်ဝါးကြီးအုပ်မှု၊ ဈေးကစားမှုပြုခြင်း ကြောင့် အများပြည်သူတို့၏ အကျိုးစီးပွားများ ထိခိုက်နစ်နာစေခြင်းကို ကာကွယ်ပေးမည့် ဥပဒေ တစ်ရပ်ဖြစ်ပါကြောင်း၊ ယှဉ်ပြိုင်မှုဥပဒေပါ ယှဉ်ပြိုင်မှုအခြေခံမူများ၊ ကော်မရှင်၏ လုပ်ပိုင်ခွင့်နှင့် တာဝန်များအရ ယှဉ်ပြိုင်မှုဥပဒေကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အတွက် ဆောင်ရွက်သင့်သည့် နည်းလမ်းများချမှတ်ရေးနှင့် ယှဉ်ပြိုင်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ထုတ်ပြန်နိုင်ရေးကိစ္စရပ်များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယှဉ်ပြိုင်မှုဥပဒေကို ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများ သာမက အစိုးရဌာနအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များပါ ကျယ်ကျယ် ပြန့်ပြန့် သိရှိနားလည်စေရေးအတွက် ယှဉ်ပြိုင်မှုဆိုင်ရာ အသိပညာပေးလုပ်ငန်း အစီအစဉ်များကို ချမှတ် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ၂၀၂၃ ခုနှစ်ကို ယှဉ်ပြိုင်မှုဆိုင်ရာ အသိပညာပေး လုပ်ငန်း ဆောင်ရွက်မည့်နှစ်အဖြစ် သတ်မှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

          ဆက်လက်၍ ယခင် (၂/၂၀၂၂) ပုံမှန်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီး စီးမှုအခြေအနေများ၊ ယှဉ်ပြိုင်မှုဆိုင်ရာ တိုင်ကြားလာသည့် အမှုကိစ္စများနှင့်စပ်လျဉ်း၍ ဖြေရှင်း ဆောင်ရွက်မှုအခြေအနေများ၊ မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင်၏ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအားကော်မရှင်ရုံး တာဝန်ရှိသူများက ရှင်းလင်းတင်ပြပြီး တင်ပြချက်များအပေါ် ကော်မရှင်ဥက္ကဋ္ဌက ပြန်လည်ဆွေးနွေးခဲ့ပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။ အဆိုပါအစည်း အဝေးသို့ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။