ကဏန်း၊ ငါးရှဉ့် ပြည်ပသို့ တင်ပို့ရာမှာ လေလံ တင်ဒါစနစ်ဖြင့်ဖြစ်စေ ကြိုက်ရောင်း ကြိုက်ဝယ်စနစ်ဖြင့် ဖြစ်စေ ရောင်းချရေး ညှိနှိုင်းဆွေးနွေး

အင်္ဂါနေ့။ ၁၄  ဇန်နဝါရီလ ၂၀၁၃ 13:45 PM

ကဏန်း၊ ငါးရှဉ့် လေလံတင်ဒါ စနစ်နဲ့ ရောင်းချခြင်းအား ပြုပြင် ပြောင်းလဲ ဆောင်ရွက်ရေး ညှိနှိုင်းရေး အစည်း အဝေး တစ်ခုကို နယ်စပ် ကုန်သွယ်ရေး ဦးစီးဌာန နေပြည်တော်မှာ ဇန်နဝါရီလ ၃ ရက်နေ့ ၁၃းဝဝ ချိန်တွင် ကျင်းပ ခဲ့တယ်လို့ သတင်း ရရှိ ပါတယ်။

နယ်စပ် ကုန်သွယ်ရေး စခန်းများ အနက် မူဆယ် ၁ဝ၅ မိုင် နယ်စပ် ကုန်သွယ်ရေး စခန်းဟာ ကုန်သွယ်မှု ပမာဏ နှစ်စဉ် ၂ ဘီလီယံ ကျော်နဲ့ ပမာဏ အများဆုံး ဆောင်ရွက်နေပြီး ယခုနှစ်မှာ ၃ ဘီလီယံ ကျော်ထိ တင်ပို့ရန် မျှော်မှန်း ထားတယ်လို့ သိရှိရပါတယ်။ မိမိတို့ဘက်က တင်ပို့တဲ့ ရေထွက်ပစ္စည်း ကဏန်း၊ ငါးရှဉ့်များကို တရုတ်နိုင်ငံ အတွင်းပိုင်း ကူမင်း (ကွမ်ကျိုး) အထိ ဈေးကွက် ရရှိထားပြီး ဖြစ်ကြောင်းနဲ့ နှစ်စဉ် တိုးတက် တင်ပို့နိုင်လျက် ရှိကြောင်း၊ ဝယ်လိုအားလည်း တိုးပွား လျက်ရှိကြောင်း သိရှိရပါတယ်။

နယ်စပ်မှ တရုတ်သို့ ငါးရှဉ့်တင်ပို့ ရောင်းချခြင်းကို ၁၉၉၆ ခုနှစ်က စတင်ခဲ့ကြောင်း၊ ကြိုက်ရောင်း ကြိုက်ဝယ် စနစ်နဲ့ ရောင်းချခဲ့ခြင်း ဖြစ်ပါတယ်။ ထိုစဉ်က လွတ်လပ်စွာ ရောင်းဝယ်ခွင့် ရှိတဲ့ အတွက် တရုတ် ဝယ်လက်များ အနေနဲ့ မြန်မာ ပြည်တွင်းထဲထိ ဆင်းဝယ် ယူမှုများ ရှိခဲ့ကြောင်း၊ ငွေထုပ်ပိုက် လိုက်ဝယ်မှု များပင် ရှိခဲ့ရာ ကြိုက်ရောင်း ကြိုက်ဝယ် စနစ်ကို ပြန်ကျင့်သုံး မယ်ဆိုလျှင် မိမိဘက် ဈေးကွက် ရှိရန် အခက်အခဲတော့ ရှိနိုင်ကြောင်း၊ ၂ဝဝ၆ ခုနှစ် ဇွန်လအလယ်ခန့် မှစပြီး ယနေ့ထိ လေလံ စနစ်ဖြင့် ပြောင်းလဲ ဆောင်ရွက်ခဲ့ကြောင်း သိရှိရ ပါတယ်။ လေလံ စနစ်ဖြင့် ကျင့်သုံး ရောင်းချတဲ့ စနစ်ဟာ ဈေးနှုန်း အတက်အကျ ကြမ်းလွန်းတဲ့ အတွက် ကဏန်း၊ ငါးရှဉ့် တင်ပို့သူ အများစုဟာ ကြိုက်ရောင်း ကြိုက်ဝယ် စနစ်နဲ့သာ ရောင်းချ လိုကြတဲ့ ဆန္ဒ ရှိနေကြတယ်လို့ သိရှိရ ပါတယ်။ လွတ်လပ်စွာ ကြိုက်ရောင်း ကြိုက်ဝယ် စနစ်နဲ့ ရောင်းချခွင့် ရမယ်ဆိုလျှင် တရားမဝင် ရောင်းချမှုများ မရှိတော့ဘဲ မှန်ကန်တဲ့ စနစ်ကျနဲ့ ကုန်သွယ်မှုများ ဖြစ်လာနိုင်ခြင်း၊ အရည်အသွေး ကောင်းမွန်စွာနဲ့ တန်ဖိုးမြှင့် ထုတ်ကုန်များ ထွက်ရှိ လာနိုင်ခြင်း၊ စီးပွားရေး အခွင့်အလမ်းများ ပိုမို ဖြစ်ထွန်း လာပြီး ဆင်းရဲ နွမ်းပါးမှု လျော့ကျ လာစေနိုင်ခြင်း၊ ပို့ကုန် ရငွေ တန်ဖိုး မြင့်မား လာမှာဖြစ်ပြီး ဒေသတွင်း ယှဉ်ပြိုင် နိုင်စွမ်း မြင့်မား လာနိုင်ခြင်း စတဲ့ အကျိုး တရားများ ရရှိနိုင် ခြင်းကြောင့် သစ်သီး ဝလံ၊ ပဲ၊ ပြောင်း၊ နှမ်းကဲ့သို့ ကြိုက်ရောင်း ကြိုက်ဝယ် စနစ်ကို ပြောင်းလဲ လုပ်ဆောင် လိုကြတယ် လို့လည်း ဆွေးနွေး တင်ပြကြတယ်လို့ သိရှိရ ပါတယ်။

ငါး လုပ်ငန်း ဦးစီး ဌာနအနေနဲ့ ကဏန်း၊ ငါးရှဉ့် လေလံ တင်ဒါ စနစ် ပြုပြင် ပြောင်းလဲ ဆောင်ရွက်ရေးနဲ့ စပ်လျဉ်းပြီး ဝယ်လက်သို့ တိုက်ရိုက် ရောင်းချ လိုပါကလည်း ကန့်ကွက်ရန် မရှိပါကြောင်း၊ အရွယ်အစား       သတ်မှတ်ချက် ဥပမာ လုံးပတ် ၃ စင်တီ မီတာ ထက်ငယ်သော ငါးရှဉ့်များ တင်ပို့ ရောင်းချခွင့် ကန့်သတ် ထားသောလည်း ယခု အခါ မည်သည့် အရွယ်ကို မဆို ရောင်းချခွင့် ပြုပေးပြီး ဖြစ်တယ်လို့ သိရပါတယ်။

ပြည်သူ ဗဟိုပြု စနစ်ဆီသို့ ဦးတည် ပြောင်းလဲသွားနေချိန် ဖြစ်တဲ့ အတွက် ပြည်သူ များရဲ့ လိုလားချက် များအား ဝန်ကြီး ဌာနများက ပံ့ပိုး ဆောင်ရွက် ကူညီ ပေးသွားမည် ဖြစ်ရာ ကုန်သည် လုပ်ငန်းရှင် အတွက် အဆင်ပြေမယ် ဆိုလျှင် မည်သည့် စနစ်ကိုမဆို အားပေး သွားမယ်၊ မည်သည့် စနစ်ပဲ ဖြစ်ဖြစ် ရသင့် ရထိုက်တဲ့ ဈေးနှုန်း မှန်ကန်မှု ရှိစေရေး၊ နိုင်ငံတော်မှ ရသင့် ရထိုက်တဲ့ အခွန်အခများ မနစ်နာစေရေး အဓိက ကျတယ်လို့ ငါးလုပ်ငန်း ဦးစီး ဌာန အစည်းအဝေးမှာ ဆွေးနွေးချက် အရ သိရှိရ ပါတယ်။

လေလံ တင်ဒါ စနစ်နဲ့ ကြိုက်ရောင်းကြိုက်ဝယ် စနစ် (၂) ခုလုံး ၂ way နဲ့ စမ်းသပ် ကာလ (၁) လ လုပ်ကိုင် သွားရန်နဲ့ (၁) လ ပြည့်တဲ့ အခါ အားနည်းချက် အားသာချက် များကို ပြန်လည် ဆန်းစစ် သွားမယ်လို့လည်း သတင်းရရှိ ပါတယ်။ စမ်းသပ် ကာလ မစမီ ကြိုတင် ပြင်ဆင်ရန် အချိန် နှစ်ပတ် ယူဆောင်သွားမှာ ဖြစ်ပြီး ချင်းရွှေဟော် မှာလည်း မူဆယ် ၁ဝ၅ မိုင်ကဲ့သို့ တပြေးညီ ဖြစ်စေရေး ဆောင်ရွက်သွားမယ်လို့ သိရှိရပါတယ်။

ချမ်းမြေ့မောင်