စားသုံးသူ အကာအကွယ်ပေးရေး ကုန်သွယ်မှု မြှင့်တင်ရေးနဲ့ တရားဝင် ကုန်သွယ်မှု လမ်းကြောင်းပေါ် ရောက်ရှိလာကြစေရန် တာချီလိတ် နယ်စပ်ကုန်သွယ်ရေး စခန်းတွင် ကုန်သွယ်မှု မြှင့်တင်ရေး အစည်းအဝေးကျင်းပခဲ့

ဗုဒ္ဓဟူးနေ့၊ ၀၂ ဇန်နဝါရီလ ၂၀၁၃ 17:10 PM

တာချီလိတ် နယ်စပ်ကုန်သွယ်ရေး စခန်း၏ ၂ဝ၁၂ ခုနှစ်၊ ဒီဇင်ဘာလ အတွက် ကုန်သွယ်မှု မြှင့်တင်ရေး အစည်းအဝေးကို ၂၈-၁၂-၂ဝ၁၂ ရက်နေ့ ၁၃းဝဝ ချိန်တွင် တာချီလိတ် မြို့နယ်အကောက်ခွန် ဦးစီးဌာန အစည်းအဝေး ခန်းမမှာ ကျင်းပပြုလုပ်ခဲ့ ပါသည်။ အဆိုပါ အစည်းအဝေးတွင် တာချီလိတ် ခရိုင် အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးမှ ကုန်သွယ်မှု တိုးတက်အောင် တရားမဝင်မှောင်ခိုလျော့နည်း ပပျောက်အောင်၊ ကုန်သည်များ၊ လုပ်ငန်းရှင်များ တစ်ဖက်နိုင်ငံနှင့် ကုန်သွယ်မှုပြုလုပ်ရာမှာ အသာစီး ရရှိအောင် ဆောင်ရွက်ကြရန် ပြောကြားခဲ့ ပါသည်။

တာချီလိတ် နယ်စပ်ကုန်သွယ်ရေး စခန်း၊ ညွှန်ကြားရေးမှူး ဦးမောင်မောင်ထွန်းမှလည်း ဒီဇင်ဘာလ အတွင်း ကုန်သွယ်မှု အခြေအနေများကို တင်ပြခဲ့ရာတွင် ဒီဇင်ဘာလ ၂၇ ရက်နေ့ထိ ကုန်သွယ်မှုပမာဏ တန်ဖိုး  အမေရိကန်တန်ဖိုးဒေါ်လာ ၅ ဒသမ ၃ဝ၃ သန်း ရရှိနေပြီဖြစ်သောကြောင့် လျာထားချက် ၅ ဒသမ ၁၈၈ ဒေါ်လာသန်းကို ပြည့်မီ ကျော်လွန်အောင် ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်ကြောင်း ပြောကြားခဲ့ ပါသည်။ တရားမဝင် ကုန်သွယ်မှုများ ထိန်းချုပ် တားဆီးနိုင်ရန် အတွက် စခန်း ထုတ်နုတ် အင်အားနှင့် Mobile Team ကို ဇန်နဝါရီလ ၁ ရက်နေ့က စတင်ပြီး အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ ပါသည်။

ထို့နောက် တက်ရောက်လာကြသော ကုန်သည် လုပ်ငန်းရှင်များ၏ တင်ပြချက်များနှင့် သိရှိလို၍   မေးမြန်းချက်များ အပေါ် တာဝန် ရှိသူများမှ ပြန်လည် ရှင်းလင်း ဖြေကြားခဲ့သည်ဟု သတင်းရရှိပါသည်။

အေးအေးဝင်း (နကသ၊ တာချီလိတ်)