စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ မူပိုင်ခွင့်ဦးစီးဌာန၏ (၅) နှစ်ပြည့် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြား

နေပြည်တော် ဒီဇင်ဘာလ ၂၃

   စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မူပိုင်ခွင့်ဦးစီးဌာန၏ (၅) နှစ်ပြည့် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့၊ နံနက် ၀၉:၀၀ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃)၊ ညီလာခံခန်းမ၌ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ တက်ရောက်ပြီး အဖွင့်အမှာ စကားပြောကြားသည်။
   ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် မူပိုင်ခွင့်ဦးစီးဌာနသည် စီးပွားရေးဂေဟစနစ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ခေတ်မီကောင်းမွန်သော မူပိုင်ခွင့်စနစ် တစ်ရပ်တည်ထောင်ရန်ဟူသည့် ဝန်ကြီးဌာန၏ရည်မှန်းချက်နှင့်အညီ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ဖြစ်စေမည့် မူပိုင်ခွင့်အကာအကွယ်ပေးသည့်စနစ်တစ်ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်နေပါကြောင်း၊ မူပိုင်ခွင့်ဦးစီးဌာနကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့မှ စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၉ ခုနှစ်က ပြဋ္ဌာန်းခဲ့သော မူပိုင်ခွင့်ဥပဒေ ၄ ရပ်ကို ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်တို့တွင် အာဏာသက်ဝင် နိုင်အောင်ဆောင်ရွက်ခဲ့ကာ မူပိုင်ခွင့်မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်များကို အောင်မြင်အောင်ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ယခု ၅ နှစ်တာကာလအတွင်း ဦးစီးဌာန၏ လုပ်ငန်းတာဝန်များကို ထမ်းဆောင်နိုင်ခဲ့သည့်အပြင် နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည့်ဌာနတစ်ခုဖြစ်ပါ‌ ကြောင်း၊ လျှောက်ထားချက်များအား စစ်ဆေးဆောင်ရွက်ရာတွင် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ကြပြီး မူပိုင်ခွင့်ပိုင်ရှင်များအတွက် တိကျသောစစ်ဆေးမှုရလဒ်များနှင့် စိတ်ကျေနပ်စေမည့် ဝန်ဆောင်မှုများပေးနိုင်ရန် ကြိုးစားသွားကြစေလိုပါကြောင်း၊ နိုင်ငံတကာမူပိုင်ခွင့်ညီလာခံ-၂၀၂၅ ကိုလည်း အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေမည့် မူပိုင်ခွင့်ကဏ္ဍနှင့် စပ်လျဉ်း၍ ရလဒ်ကောင်းများရရှိခဲ့ပါကြောင်း၊ နိုင်ငံတော်ကချမှတ်ထားသည့် စီးပွားရေးဦးတည်ချက်များ၊ ဝန်ကြီးဌာနက ချမှတ်ထားသော လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရာတွင် အထောက်အပံ့ဖြစ်စေမည့် ဌာနတစ်ခုအနေဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရန်နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်နိုင်ရေးအတွက် ခိုင်မာ သောမူပိုင်ခွင့်စနစ်တစ်ရပ် တည်ထောင်နိုင်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
   ထို့နောက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မူပိုင်ခွင့်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က နိုင်ငံတော်၏ မူပိုင်ခွင့်စနစ်တစ်ရပ် ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်ခဲ့မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ဝန်ထမ်းများအား ဆုချီးမြှင့်ခြင်းများနှင့် နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဂုဏ်ပြုတေးသီချင်းများဖြင့် ‌ဖျော်ဖြေတင်ဆက်ခဲ့သည်။
   အခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း၊ အမှုထမ်းများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များတက်ရောက်ကြကြောင်း သတင်းရရှိသည်။