ဒေသထွက်ကုန်များမှ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆီသို့ ဦးတည် ချီတက်ကြပါစို့

မွန်ပြည်နယ်သည် တောင်ကုန်းတောင်တန်းများ ထူထပ်သော ပြည်နယ်တစ်ခုဖြစ်သည့်အပြင် ကမ်းရိုးတန်းဒေသတစ်ခုဖြစ်ပြီး ရာသီဥတုမှာလည်း  အပူပိုင်းမုတ်သုံရာသီဥတုဖြစ်သဖြင့် ကောက်ပဲ သီးနှံ၊ သစ်သီးဝလံ၊    ရေထွက် သယံဇာတများ   ပေါကြွယ်ဝသည့် ပြည်နယ်တစ်ခုလည်းဖြစ်သည်။ အချုပ်အားဖြင့်ဆိုရလျှင် ဒေသထွက်ကုန်  အများအပြားထွက်ရှိသည့်  ပြည်နယ်တစ်ခုဆိုလျှင်လည်း မှားမည်မထင်ပါ။ မွန်ပြည်နယ်၏ထင်ရှားသော ဒေသထွက်ကုန် အချို့မှာ ဆန်၊ စပါး၊  ရော်ဘာ၊ ရေထွက်ပစ္စည်းများ၊ ဆား၊ သစ်သီးဝလံများ၊ ဝဥ စသည်တို့ဖြစ်သည်။    
ဆန်/စပါး
မွန်ပြည်နယ်၌ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင်   မိုးစပါးစိုက် ဧက  ၆၈၇၈၂၈ ဧက၊ အထွက်တင်းပေါင်း    ၄၃၃၃၅၂၀၁ တင်းရှိပြီး နွေစပါးစိုက်ဧက  ၄၃၅၇၂ ဧက၊ အထွက်  ၁၉၄၉၆၀၁ တင်း ထွက်ရှိ သည်။ အဓိကစိုက်ပျိုးသော မျိုးများမှာ မိုးစပါးအဖြစ် ပေါ်ဆန်းစပါး ကို အဓိကစိုက်ပျိုးပြီး နွေစပါးကို  ရက်(၉၀)ဧည့်မထအုပ်စုကို အဓိက စိုက်ပျိုးကြောင်း သိရှိရသည်။   ပြည်နယ်အတွင်း  ဆန်စက်အကြီးစား ၂၃ လုံး၊ အလတ်စား ၇၂လုံး၊ အငယ်စား ၅၃၁လုံး၊ စုစုပေါင်း ဆန်စက်  ၆၂၆ လုံးရှိပါသည်။ မွန်ပြည်နယ်အနေဖြင့် ဆန်စပါးဖူလုံမှုရှိရုံသာမက ပြည်ပသို့ပါ တင်ပို့လျက်ရှိသည်။
စပါးမျိုးကောင်းမျိုးသန့်များဖြင့် စက်မှုလယ်ယာစနစ်ကို ဖော် ဆောင်နိုင်ပါက စပါးအထွက် များစွာတိုးလာမည်ဖြစ်ပြီး စပါးအထွက် တိုးလာမှုများကို အချိန်မီ ကြိတ်ခွဲနိုင်ရေးနှင့်   Export Quality မီ အောင် ကြိတ်ခွဲနိုင်ရေး ဆန်စက်များကို အဆင့်မြှင့်တင်ရန်နှင့် တိုးချဲ့ တည်ဆောက်နိုင်ရန်အတွက်   မတည်ရင်းနှီးငွေများ   လိုအပ်လျက် ရှိသည်။
ရော်ဘာ
မွန်ပြည်နယ်၏ အခြားထွက်ကုန်တစ်ခုမှာ  ရော်ဘာဖြစ်သည်။ မွန်ပြည်နယ်သည် မြန်မာနိုင်ငံတွင် ရော်ဘာစိုက်ပျိုးသည့်ဧရိယာ၏ ၃၀ရာခိုင်နှုန်းကျော် စိုက်ပျိုးထားသည့် ရော်ဘာပြည်နယ်တစ်ခုဖြစ်ပြီး ရော်ဘာအစေးရည်မှ မှိုင်းခံရော်ဘာပြားများအပြင် ခရမ့်ရော်ဘာများ ထုတ်လုပ်ခြင်း၊ ရော်ဘာပင်အိုခုတ်လှဲပြီး  ရော်ဘာသစ်နှင့် ရော်ဘာ သစ်ပါးလွှာများ ထုတ်လုပ်ခြင်းများကို ဌာနနှင့်ပုဂ္ဂလိက  ကဏ္ဍများမှ ဆောင်ရွက်လျက်ရှိသည်။ ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ်တွင် မွန်ပြည်နယ် ၏ ရော်ဘာစိုက်ဧက ၅၀၁၇၁၉ ဧကရှိပြီး   အစေးလှီးဧက ၃၃၀ဝ၁၄ ဧကရှိရာ ထွက်ရှိမှု   ၂၃၆၉၅၄၆၅၈ ပေါင် (တန်အားဖြင့် ၁၀၇၄၈၁) တန်ထွက်ရှိကြောင်း သိရှိရသည်။  ပြည်နယ်တွင်း သုံးစွဲ မှုအနေဖြင့် တာယာစက်ရုံ၊    ခရမ့်ရော်ဘာစက်ရုံ၊   သားရေကွင်း/ပူပေါင်း/ ဘောလုံး/ ဖိနပ်လုပ်ငန်းများမှ  တန်ချိန် ၁၂၀ဝ၀ နီးပါးခန့်   သုံးစွဲ ကြောင်း သိရှိရသည်။ ပြည်တွင်းသုံးစွဲမှု  ပိုလျှံသော ရော်ဘာများကို ပုဂ္ဂလိကဝယ်လက်များမှတစ်ဆင့် ရော်ဘာ အဝယ်ဒိုင်/ကုမ္ပဏီများ တွင် စုစည်းကာ ရန်ကုန်/မန္တလေးရှိ ကုမ္ပဏီများသို့ တင်ပို့ပြီး ထိုမှ တစ်ဆင့် ပြည်ပသို့တင်ပို့ကြောင်း သိရှိရသည်။
မွန်ပြည်နယ်မှ ရော်ဘာတစ်ဧကအထွက်နှုန်းသည် အိမ်နီးချင်း ရော်ဘာစိုက် နိုင်ငံများ၏ အထွက်နှုန်းနှင့်နှိုင်းယှဉ်ပါက  လျော့နည်းနေပြီး ရော်ဘာခြံကြီးများမှလွဲ၍  ခြံငယ်၊ ခြံလတ်များမှ ထုတ်လုပ်နေသော ရော်ဘာ အရည်အသွေး သည်လည်း   နိုင်ငံတကာအဆင့် အတန်းမီ  ထုတ်လုပ်နိုင်မှုမရှိခြင်းကြောင့်  နိုင်ငံတကာဈေးကွက်တွင် ဈေးနှုန်းရရှိမှုနိမ့်ကျနေကြောင်း တွေ့ရသည်။
မွန်ပြည်နယ်တွင် ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအနက် ၉၀ ရာခိုင်နှုန်းကျော်ခန့်သည် ခြံငယ်ရှင်များဖြစ်ပြီး  တူညီကောင်းမွန်သော အရည်အသွေးဖြင့် ကုန်ကြမ်း/ကုန်ချောထုတ်လုပ်ရန်  အခက်အခဲများ ရှိနေသောကြောင့်   ခြံရှင်ငယ်များကို   စုဖွဲ့၍သော်လည်း ကောင်း၊ အသင်းအဖွဲ့များ အနေဖြင့်သော်လည်းကောင်း၊  တစ်ဦးချင်း အနေဖြင့်သော်လည်းကောင်း၊ မှိုင်းရုံများ တည်ဆောက်ခြင်း၊  မှန်ကန်သော  အက်စစ်သုံးစေခြင်း၊   နည်းပညာနှင့် ကာလရှည် ချေးငွေများ လိုအပ်မည်ဖြစ်ပါသည်။ မွန်ပြည်နယ်၏ ရော်ဘာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက်   သင်တန်းများ၊     အလုပ်ရုံဆွေးနွေးပွဲများလည်း ပြုလုပ်ပေးရန် လိုအပ်မည်ဖြစ်ပါသည်။
ရေထွက်ပစ္စည်းများ
မွန်ပြည်နယ်သည် သံလွင်မြစ်၊ ဂျိုင်းမြစ်၊ အတ္ထရံမြစ်   စသည့် ရေချိုမြစ်ကြီးများနှင့် ဆက်စပ်နေသည့်အပြင်   မုတ္တမပင်လယ်ကွေ့၊ တနင်္သာရီကမ်းရိုးတန်းတို့နှင့် ဆက်စပ်တည်ရှိပြီး ရေချို၊ ရေငန် သယံ ဇာတပြွေါကယ်ဝသော  ဒေသတစ်ခုဖြစ်သည်။ မွန်ပြည်နယ်အတွင်းမှ ထွက်ရှိသော ငါး၊ ပုစွန်များကို ပြည်တွင်းစားသုံးခြင်းအပြင်  ပြည်ပ တင်ပို့နိုင်ရန်အတွက် အအေးခန်းစက်ရုံခြောက်ရုံမှ၂၀၂၁-၂၀၂၂ တွင် မက်ထရစ်တန်ချိန်၄၀၅၂တန်၊ ၂၀၂၂-၂၀၂၃ စက်တင်ဘာလထိ မက်ထရစ်တန်ချိန်၂၃၉၅တန်ခန့်ထုတ်လုပ်နိုင်ခဲ့ကြောင်းသိရှိရသည်။
ငါးဖမ်းလုပ်ငန်းရှင်များအနေဖြင့် နိုင်ငံတကာငွေကြေးလဲလှယ် မှု နှုန်းထားများ  မြင့်တက်နေခြင်းကြောင့် ပြည်ပမှ ဝယ်ယူရသော ငါးဖမ်းလုပ်ငန်းသုံးပိုက်များ၊ လောင်စာဆီများပါ  မြင့်တက်လျက်ရှိ သဖြင့် တွက်ခြေကိုက်မှုနည်းပါးကြောင်း သိရှိရသည်။
ဆား
မွန်ပြည်နယ်သည် မြန်မာနိုင်ငံတွင်  တတိယ ဆားအများဆုံး ထုတ်လုပ်သောဒေသတစ်ခုဖြစ်သည်။ မွန်ပြည်နယ်တွင်  ဆားကွင်း ပေါင်း  ၈၇ ကွင်း၊ လုပ်ကွက်ဧက  ၄၃၀ဝ ခန့်နှင့်ဆားကြိတ်စက်ပေါင်း ၁၆ စက်ရှိရာ  အဆိုပါစက်များမှ နှစ်စဉ် ဆားကြမ်း တန်ချိန် ၄၀ဝ၀ဝ  ခန့်၊ ဆားချောတန်ချိန် ၁၀ဝ၀ဝ ခန့် ကြိတ်ခွဲထုတ်လုပ်လျက်ရှိကြောင်း သိရှိရပါသည်။ ဆားချောများကို  ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်း များသို့သာ ဖြန့်ဖြူးရောင်းချရသဖြင့် ဈေးကွက်အားဖြင့် ကျဉ်းမြောင်း သည်။ ဆားကြမ်းများကို အဆင့်မြင့် အိုင်အိုဒင်းဆားချောစက်ရုံတည် ဆောက် ထုတ်လုပ်နိုင်ပါက   နိုင်ငံခြားဆား  ဝင်ရောက်မှုကိုလည်း ကာကွယ်ပေးနိုင်မည်ဖြစ်ပါသည်။
သစ်သီးဝလံများ
မွန်ပြည်နယ်၏ အခြားထွက်ကုန်တစ်ခုမှာ   ကျွဲကော၊ ဒူးရင်း၊ နာနတ်၊ ရှောက်၊ သံပရာ၊ မင်းကွတ်၊ ကြက်မောက် စသည့်  သစ်သီးဝလံ များမှာ ရာသီအလိုက်   ထွက်ရှိသော ထွက်ကုန်တစ်မျိုးဖြစ်ပါသည်။ မွန်ပြည်နယ်တွင် ၂၀၂၁-၂၀၂၂   ဘဏ္ဍာနှစ်တွင် ကျွဲကောသီး စိုက် ဧက ၂၈၂၂ဧက၊ ခူးဧက ၂၀၈၉ ဧက၊ ထွက်ရှိမှု ၁၁၂၃၅၅၄၃ လုံး၊ ဒူးရင်းသီး စိုက်ဧက ၇၅၉၀ ဧက၊    ခူးဧက ၅၅၄၉ဧက၊   ထွက်ရှိမှု ၁၄၉၃၈၁၁၉ လုံး၊ ရှောက်/သံပရာသီး   စိုက်ဧက ၂၆၇ ဧက၊ ခူးဧက ၂၂၀ဧက၊ ထွက်ရှိမှု ၅၃၁၀၆၇၉ လုံး၊ နာနတ်သီး   စိုက်ဧက ၆၄၀၃ ဧက၊ ခူးဧက ၄၈၇၄ ဧက၊ ထွက်ရှိမှု ၃၂၂၅၀၉၉၇ လုံးထွက်ရှိကြောင်း သိရှိရသည်။ ကျွဲကောသီး၊ ဒူးရင်းသီးများမှာ ဒေသတွင်း စားသုံးခြင်း အပြင် ပဲခူး၊ ရန်ကုန်တို့သို့ တင်ပို့ရောင်းချကြောင်း   သိရှိရသည်။ ရှောက်/သံပရာ၊  နာနတ်သီးများမှာ  ဒေသတွင်းစားသုံးခြင်း၊ Value Added  အနေဖြင့် ယိုထိုးခြင်း၊ရှောက်သီးဆေးပြားများ ပြုလုပ်ပြီး ခရီးသွားများ၊ ဘုရားဖူးပြည်သူများအနေဖြင့် မွန်ပြည်နယ်၏ ဒေသထွက် လက်ဆောင်အဖြစ် ဝယ်ယူခြင်းများရှိကြောင်း သိရှိရပါ သည်။
ဝဥ
ဝဥမှာ နိုင်ငံခြားဈေးကွက်သို့  တင်ပို့ရောင်းချရသော ဒေသ ထွက်ကုန်တစ်မျိုးဖြစ်သည်။ လက်ရှိအချိန်တွင် မွန်ပြည်နယ်မှ  ဝဥ ကုန်ကြမ်းအနည်းငယ်သာထွက်ရှိပြီး မြိတ်၊ ထားဝယ်၊တနင်္သာရီ၊ကရင် ပြည်နယ်ကြာအင်းဆိပ်ကြီးတို့မှ ဝယ်ယူရသည်။ ဝဥထုတ်လုပ်မှုရာသီမှာ စက်တင်ဘာလမှ ဒီဇင်ဘာလအထိသာ ထုတ်လုပ်ရကြောင်း သိရှိ ရသည်။ ဝဥအစိုများကို ရေဆေးကြောသန့်စင်ပြီး  အခွံခွာလှီးဖြတ်၍အခြောက်ခံစက်ဖြင့် အခြောက်ခံရသည်။ ထွက်ရှိလာသော ဝဥ ခြောက်များအား ရန်ကုန်နှင့်  မန္တလေးမှတစ်ဆင့်   တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံများသို့  တင်ပို့ရောင်းချကြောင်းသိရှိရသည်။ အချို့မှာ ဝဥ ခြောက် အမှုန့်လုပ်၍လည်း တင်ပို့ကြောင်း သိရသည်။  မွန်ပြည်နယ် တွင်  ဝဥအခြောက်ခံစက်ရုံငါးရုံနှင့်  ဝဥအမှုန့်ကြိတ်စက်ရုံတစ်ရုံရှိ ကြောင်း သိရှိရသည်။
အခက်အခဲနှင့်စိန်ခေါ်မှုများ
ကဏ္ဍအသီးသီးတွင် အခက်အခဲနှင့်   စိန်ခေါ်မှုများအနေဖြင့် နည်းပညာလိုအပ်ချက်၊  မတည်အရင်းအနှီးများ လိုအပ်ချက်၊ ပြည် တွင်း၊ ပြည်ပဈေးကွက်ရှာဖွေရန် လိုအပ်ချက်၊ ကုန်သွယ်မှုမြှင့်တင်ရေးဆိုင်ရာ သတင်းအချက်အလက် များ လိုအပ်လျက်ရှိသည်။
သုံးသပ်အကြံပြုချက်
အထက်ပါဒေသထွက်ကုန်များသည်  ပြည်တွင်းကုန်ထုတ်လုပ် မှုမြင့်မားအောင် ဆောင်ရွက်ရာတွင် အဓိအရင်းအမြစ်များဖြစ်သည်။ ပြည်တွင်းကုန်ထုတ်လုပ်မှု မြင့်မားအောင် ဆောင်ရွက်ရာတွင် ဒေသ တွင်းထွက်ရှိသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသထွက်သယံ ဇာတကုန်ကြမ်းများကို အခြေခံကာ  အရည်အသွေးကောင်းမွန်သည့် ကုန်ချောအမျိုးမျိုး၊     တန်ဖိုးမြှင့်ထုတ်ကုန်အမျိုးမျိုး  ထုတ်လုပ်ပြီး ပြည်တွင်း၊ ပြည်ပဈေးကွက်များသို့   တင်ပို့ရောင်းချခြင်း၊ သွင်းကုန် အစားထိုး စားသောက်ကုန်၊  လူသုံးကုန်   စသည်တို့ကို တိုးမြှင့်ထုတ် လုပ်ခြင်းဖြင့် ကုန်သွယ်မှုလိုငွေပြမှုကို လျော့နည်းစေမည်ဖြစ်ပါသည်။
ထိုကဲ့သို့ ကုန်ချောများထုတ်လုပ်နိုင်ရန်၊ တန်ဖိုးမြှင့် ထုတ်ကုန် များ ထုတ်လုပ်နိုင်ရန်အတွက်   လုပ်ငန်းရှင်များအား နိုင်ငံတော်က လိုအပ်သော နည်းပညာများ ပံ့ပိုးပေးခြင်း၊ ကာလတို၊   ကာလရှည် မတည်ရင်းနှီးငွေများ   ထုတ်ချေးပေးခြင်း၊ ပြည်တွင်း/ပြည်ပ  ဈေး ကွက်များ ရှာဖွေချိတ်ဆက်ပေးခြင်းများ ဆောင်ရွက်ပေးခြင်း၊ လုပ် ငန်းရှင်များကလည်း ရရှိလာမည့်ငွေကြေးများကို စနစ်တကျ စီမံခန့်ခွဲ ၍ ရင်းနှီးမြှုပ်နှံခြင်း၊ နည်းပညာများကို နည်းလမ်းမှန်စွာ  လက်တွေ့ အသုံးချခြင်းဖြင့်Public Private Partneship-PPP ကို   အကောင် အထည် ဖော်ဆောင်ရွက်ပြီး “ဒေသထွက်ကုန်များမှ ဒေသဖွံ့ဖြိုးတိုး ရေးဆီသို့ ဦးတည်ချီတက်ကြပါစို့” ဟု တိုက်တွန်းရေးသား  တင်ပြအပ်ပါသည်။
မိုးမိုး(မွန်)