ရိဒ်ခေါဒါရ် မြို့နယ်ခွဲမှ (ဒေသထွက်) ချင်းအစိုများ စတင် တင်ပို့

ကြာသပတေးနေ့ ၂၁ ဖေဖော်ဝါရီလ ၂၀၁၃ 1:30 PM

ရိဒ်ခေါဒါရ် နယ်စပ်ကုန်သွယ်ရေး စခန်းမှ ၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ချင်းအစို ( ၁၁ဝ၂၅ ) ကီလိုဂရမ် (၁၁ ဒသမ ဝ၂၅ တန်) ကို တစ်ဖက်နိုင်ငံ ဇိုခေါဒါရ်သို့ စတင် တင်ပို့ နိုင်ခဲ့ပါတယ်။ ချင်းအစိုများကို တစ်ဖက်နိုင်ငံရှိ ဇိုခေါဒါရ်မှ တဆင့် ကျန်ဖိုင်းသို့ လည်းကောင်း၊ ကျန်ဖိုင်းမှ တဆင့် အိုက်ဇောသို့ လည်းကောင်း၊ အိုက်ဇောမှ တဆင့် ဆီးလ်ကျာရ်မြို့ (ထရီပူရပြည်နယ်၏ မြို့တော်) ထိ ဖြန့်ဖြူး ရောင်းချ ကြတယ်လို့ သိရပါတယ်။ ၂ဝ၁၁ ခုနှစ်နဲ့ ၂ဝ၁၂ ခုနှစ်တို့တွင် ချင်းအစို များကို တစ်ဖက်နိုင်ငံ အိုက်ဇောမှ ဝယ်ယူခြင်း မရှိခဲ့သဖြင့် တင်ပို့ ရောင်းချခြင်း မပြုလုပ် နိုင်ခဲ့ဘဲ ၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီလ မှသာ စတင်၍ တစ်ဖက် နိုင်ငံ အိုက်ဇောမှ အဝယ် ရှိလာတာ ဖြစ်ပါတယ်။

ချင်းအစို များကို ရိဒ်ခေါဒါရ် မြို့နယ်ခွဲ၊ အမှတ် (၁) ရပ်ကွက်ရှိ တောင်သူများက စိုက်ပျိုး ကြပါတယ်။ ချင်းအစို စိုက်ပျိုးသူ တောင်သူ (၇ဝ) ဦး ခန့် ရှိပြီး စုစုပေါင်း စိုက်ပျိုး ဧက (၁၅ဝ) ခန့် ရှိတယ်လို့ သိရပါတယ်။ ၁ ဧက အထွက်နှုန်း အနေနဲ့ ခန့်မှန်း ၆၈၂ ဒသမ ၅ ပိဿာ (၃ဝ အိတ် x ၃၅ ကီလိုဂရမ် > ၁ဝ၅ဝ ကီလိုဂရမ် > ၁ ဒသမ ဝ၅ တန် > ၆၈၂ ဒသမ ၅ ပိဿာ) ထွက်ရှိပါတယ်။ ၎င်း ဂျင်းအစို များကို ဧပြီ နဲ့ မေလ မိုးစတင် ရွာသွန်းသည့် အချိန်တို့တွင် စတင် စိုက်ပျိုးထားရှိပြီး နောက် ၁ နှစ် ဖေဖော်ဝါရီ၊ မတ်၊ ဧပြီလ ရောက်ရှိမှသာ ဝယ်ယူသူ ရှိပြီး ဈေးကောင်းလျှင် ရောင်းချမှုများ ပြုလုပ်တယ်လို့ သိရပါတယ်။ ဝယ်ယူသူ မရှိပါက စိုက်ခင်း အတွင်းမှာဘဲ ဆက်လက် ထားရှိကြပါတယ်။ အဲဒီလို ဆက်လက် ထားရှိလျှင် ချင်းအတက် (၁) တက် မှ (၅) တက် အထိ ထပ်မံ ပွားများ လာတယ်လို့ သိရှိရပါတယ်။ ယခု ရောင်းချတဲ့ ချင်းအစို များဟာ ၂ဝ၁၁ ခုနှစ်၊ ၂ဝ၁၂ ခုနှစ် ကတည်းက စိုက်ပျိုး ထားရှိခဲ့ကြပြီး ယခု ၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီလမှ ဝယ်လက် ပေါ်လာ၍ ဈေးကောင်း ရရှိသောကြောင့် ဒေသခံ တောင်သူများက စိုက်ခင်းများမှ ဖော်ယူ ရောင်းချကြတယ်လို့ သိရပါတယ်။

တစ်ဧက စိုက်ပိုျး ထုတ်လုပ်မှု ကုန်ကျစရိတ် ကတော့ ၇၂ဝဝ ရူပီး (၁၁၅၂ဝဝဝ ကျပ်) ဖြစ်ပြီး ရိဒ်ခေါဒါရ် မြို့နယ်ခွဲမှ တစ်ဖက်နိုင်ငံ ဇိုခေါဒါရ် အထိ သယ်ယူ ပို့ဆောင်ခ အနေနဲ့ ကား (၁) စီးလျှင် ၁၅ဝဝဝ ကျပ် (ရူပီး ၉ဝဝ ကျော်ခန့်) ပေးဆောင်၍ ငှားရမ်း ပို့ဆောင်လျက် ရှိကြပါတယ်။

ချင်းအစိုတွေရဲ့ ဈေးနှုန်းကတော့ ရိဒ်ခေါဒါရ် မြို့နယ်ခွဲမှာ တစ်ကီလို ဂရမ်လျှင် ၁၂ ရူပီး ၁၉၂ ကျပ် ရှိပြီး၊ တစ်ဖက် နိုင်ငံ အိုက်ဇောမြို့ မှာ တစ်ကီလို ဂရမ်လျှင် ၁၆ ရူပီး (၂၅၆ ကျပ်) ရောင်းဈေး ရှိတယ်လို့ သိရပါတယ်။ ရိဒ်ခေါဒါရ် နယ်စပ် ကုန်သွယ်ရေး အတွက် ပို့ကုန် အမယ် တစ်မယ်တိုး တင်ပို့နိုင်သဖြင့် ကုန်သွယ်မှု ပမာဏအတွက် အထောက်အကူပြု လာနိုင်ကြောင်း တင်ပြလိုက် ရပါတယ်။

Source: နကသ (ရိဒ်) တင်ထွန်းဦး (ရွှေဘို)