တမူး နယ်စပ်ကုန်သွယ်မှု မြှင့်တင်ရေး လှုပ်ရှားမှုများ

ဗုဒ္ဓဟူးနေ့ ၃၀ ဇန်နဝါရီလ ၂၀၁၃ 15:26 PM

တမူး နယ်စပ် ကုန်သွယ်ရေး စခန်းရဲ့ လှုပ်ရှား ရှာဖွေ တားဆီးရေး အဖွဲ့ Mobile Team ဟာ စားသုံးသူ အကာ အကွယ်ပေးရေး၊ တရားမဝင် ကုန်သွယ်မှုများ လျော့နည်း ပပျောက်ရေးနဲ့ ကုန်သွယ်မှု လမ်းကြောင်းမှန်ပေါ် ရောက်ရှိစေရေး ကုန်သွယ်မှု ပမာဏ တိုးမြှင့်စေရေး အတွက် ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်မှ စပြီး ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ ၂ဝ ထိ ပညာပေး ကာလ အတွင်း ကုန်တင် ယာဉ်များ၊ မော်တော် ယာဉ်များ၊ သုံးဘီး ဆိုင်ကယ်များနဲ့ ဆိုင်ကယ်များအား စစ်ဆေး ဆောင်ရွက်ခဲ့ရာ တရားမဝင် အကောက်ခွန်မဲ့ ကုန်ပစ္စည်း ၁၁၉ သိန်း ကျော်အား လိုင်စင် ပြုလုပ် အခွန် ပေးဆောင်ကာ ပြန်လည် ထုတ်ပေး နိုင်ခဲ့ပါတယ်။ ခန့်မှန်း တန်ဖိုးကျပ် ၁၅၁ သိန်း တန်ဖိုးရှိ အိန္ဒိယ နိုင်ငံလုပ် ကွမ်းပေါင်းများ၊ ဆေးမွှေးများအား အများပြည်သူ စားသုံးရန် မသင့်တော်တဲ့ အတွက် မီးရှို့ ဖျက်ဆီးရေး ဆောင်ရွက်ရန် အကောက်ခွန် ဌာနသို့ လွဲှအပ် နိုင်ခဲ့ပါတယ်။

တစ်ဖက်မှလည်း တမူး ဒေသခံ ကုန်သည်ငယ်များ၊ အရောင်း အဝယ် သမားများအား ITC ကဒ်ဖြင့် ပို့ကုန်/ သွင်းကုန် လုပ်ငန်းများ တရားဝင် ကုန်သွယ်မှု ပြုလုပ် လာနိုင်စေရေး အတွက် OSS အဖွဲ့ဝင် ဌာနများရဲ့ ရုံးလုပ်ထုံး လုပ်နည်း၊ စာရွက် စာတမ်း လုပ်ကိုင် ဆောင်ရွက်ပုံများကို ရှင်းလင်း ပြသ ပြောကြားကာ ကူညီ လုပ်ကိုင် ဆောင်ရွက်ပေး လျက်ရှိတာကြောင့် ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်အထိ Individual Trading Card ၅၉ စောင် ထုတ်ပေး နိုင်ခဲ့ပြီး ITC လိုင်စင် စောင်ရေ ၆၆ စောင်နှင့် ကုန်သွယ်မှု ပမာဏ ကျပ်သန်းပေါင်း ၁၅၉ သန်း ကျော်အား ကုန်သွယ်မှု ပြုလုပ်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။

တမူး နယ်စပ် ကုန်သွယ်မှု လုပ်ငန်းများ လွယ်ကူ ချောမွေ့ မြန်ဆန်စွာ ဆောင်ရွက်နိုင်ရန်၊ ကုန်သွယ်မှု အခက် အခဲများ ဖြေရှင်း ဆောင်ရွက် နိုင်ရန်နဲ့ တရားဝင် ကုန်သွယ်မှု ဆောင်ရွက်နိုင်ရေး အတွက် ကုန်သွယ်မှု မြှင့်တင်ရေး အစည်း အဝေးများကို နယ်စပ် ကုန်သွယ်ရေး ညွှန်ကြားရေးမှူးရုံးမှာ တစ်လ တစ်ကြိမ် လစဉ် ပုံမှန် ကျင်းပကာ ကုန်သွယ်မှု အခက် အခဲများကို ဖြေရှင်း ဆောင်ရွက် ပေးလျက် ရှိပါတယ်။

နယ်စပ် ကုန်သွယ်ရေး (တမူး) စခန်းဟာ နိုင်ငံတော်ရဲ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု အတွက် တရားဝင် ကုန်သွယ်မှု လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာ စေရန်နဲ့ နိုင်ငံတော် အခွန်အခများ ပြည့်ဝစွာ ရရှိနိုင် စေရန် အတွက် အုတ်တစ်ချပ်၊ သဲတစ်ပွင့် အနေနဲ့ ပူးပေါင်း ပါဝင် လုပ်ကိုင် ဆောင်ရွက်လျက် ရှိပါကြောင်း အသိပေးလိုက် ရပါတယ်။

ရဲမင်းထွဋ် (တမူး)