ခေတ်ပြောင်းလို့ အလုပ်ပြောင်းလိုက်ပြီ..

တနင်္လာနေ့ ၂၁ ဇန်နဝါရီလ ၂၀၁၃ 1:33 PM

ရှမ်းပြည်နယ် တောင်ပိုင်း ကွမ်းလုံ၊ ချင်းရွှေဟော် ဒေသမှာ ယခုလို ဘိမ်းအစားထိုး သီးနှံများဖြစ်တဲ့ ပြောင်း၊ ကြံ၊ ရာဘာ၊ ဖရုံ။ သခွါး စသည့် သီးနှံများ ဖြိုင်ဖြိုင် မထွက်ခင် ၁၂ ဘီးကား၊ ၁၀ ဘီးကား၊ ၆ ဘီးကားများ ဥဒဟို မသွားလာသေးမီက မချစ်မီးတစ်ယောက် တစ်လုံးထိုး ထော်လာဂျီ မောင်းသူ၏ နံဘေးတွင် ကပ်လျက်ထိုင်ကာ မိမိဘက်မှ ကုန်ပစ္စည်းများကို တစ်ဖက် တရုတ်နိုင်ငံ နယ်စပ်မြို့ရှိ မိန်းတိန့်မြို့သို့ ကူးသန်းရောင်းဝယ်ခဲ့ရသည်။ လွယ်အိတ်တစ်လုံးကို ဘေးစောင်းလွယ်၍ နေပူကျဲကျဲ ထော်လာဂျီ အသံ ဆူဆူညံညံ ကြားမှာ ရုန်းကန် ခဲ့ရသည်။ လမ်းမှာ ကြုံတွေ့ရသည့် အခက်အခဲ မှန်သမျှကို ပြုံး၍ တစ်မျိုး မသိဟန်ဆောင်၍ တစ်ဖုံ ပြောဆို ဆက်ဆံ ဖြေရှင်းခဲ့ရသည်။

အခုတော့ မနေ့က တွေ့လိုက်ရသည့် မချစ်မီးတစ်ယောက် ယခင်ကလို မဟုတ်တော့ပါ။ မချစ်မီးတစ်ယောက် ပြုံးလို့ ရွှင်လို့.. လက်ကဆွဲလာတဲ့ လက်ဆွဲအိတ် အကြီးကြီးထဲမှာ လိုင်စင် ဂျူတီစောင်ထားတဲ့ စာရွက် စာတမ်းတွေ နမူနာတွေနဲ့ ကုန်ရောင်း သွားမလို့ဟု သိရသည်…

ဤဒေသဟာ အလျှင်အမြန် ဖွံ့ဖြိုး တိုးတက်လာပြီး ရေထွက်ပစ္စည်းများဖြစ်သည့် ငါးရှဉ့် ဂဏာန်းများ၊ ရာဘာ၊ ပြောင်း၊ ကြံနှင့် ဆန်များ တင်ပို့ခြင်းဖြင့် နာမည်ရနေသော ချင်းရွှေဟော် နယ်စပ် ကုန်သွယ်ရေးစခန်းလည်း ရှိနေသည့်အတွက် မချစ်မီး တစ်ယောက် နိုင်ငံတော်အား တရားဝင် အခွန်များ ပေးဆောင်လျက် ကုန်သွယ်မှု လုပ်ငန်းများ အဆင်ပြေနေပြီ။

အခြားသူတစ်ယောက်နှင့် စကားလက်ဆုံကျရင်း သူမ ပြောလိုက်သည့် စကားတစ်ခွန်း ကျွန်ုပ် သတိထား မိလိုက်သည်ကား.. “ခေတ်ပြောင်းလို့ ကျွန်မ အလုပ် ပြောင်းလိုက်ပြီ… ဆရာတို့လည်း အလုပ် ပြောင်းသင့်ပြီ” ဆိုတဲ့ မချစ်မီးရဲ့ စကား...  လက်ဆောင် ပါးလိုက် ရပါတော့သည်…

အိုပါး(ချင်းရွှေဟော်)