ရွှေဖြစ်တော့မည့် ချင်းရွှေဟော်

တနင်္လာနေ့ ၂၁ ဇန်နဝါရီလ ၂၀၁၃ 11:21 AM

မြန်မာတို့ စားသုံးသည့် စားဖိုဆောင် သီးနှံအမျိုးမျိုးမှ သီးနှံတစ်မျိုးဖြစ်သည့် ရွှေဖယုံသီးကို မိမိဒေသတွင် စိုက်ပျိုးကြကာ စားသုံးမှု ပိုလျှံသည့် အတွက် တရုတ်နိုင်ငံသို့ တင်ပို့ ရောင်းချကြပါသည်။ ယခုနှစ်တွင်လည်း ရှမ်းပြည်နယ်၊ ကွမ်းလုံမြို့နယ်၊ နမ့်ဟူး၊ ကောင်ကျဲ၊ ဟိုလီကျေးရွာ များနှင့် ဟိုပန်မြို့နယ်၊ ချင်းရွှေဟော်မြို့နယ်များတွင် စိုက်ပျိုးလျက်ရှိကြောင်း၊ ရွှေဖယုံသီးမှာ တစ်တန်လျှင် ကျပ် (၂)သိန်းကျော် ရရှိကြောင်း၊ ရွှေဖယုံသီး စိုက်ပျိုးသူ တောင်သူတစ်ဦးထံမှ သိရှိရပါသည်။ မိမိဘက်တွင် ရွှေဖယုံသီး စိုက်ပျိုးထွက်ရှိသော ရာသီမှာ ဆောင်းရာသီ ဖြစ်၍ တရုတ်နိုင်ငံ အတွင်း အအေးဓာတ် လွန်ကဲပြီး ရာသီဥတု ဆိုးရွားသော အချိန် ဖြစ်နေသဖြင့် သီးနှံစိုက်ပျိုးရန် ခက်ခဲသော ရှန်းဟိုင်း ကဲ့သို့သော မြို့ကြီးများသို့ ဈေးကွက်ရှာ တင်ပို့ခဲ့ခြင်း ဖြစ်ကြောင်း၊ ယခုနှစ်တွင် ရွှေဖယုံသီး တန်ချိန် သုံးသောင်းကျော် တင်ပို့နိုင်ရေး ကြိုးစား လျက်ရှိကြောင်း၊ ရွှေဖယုံသီး တင်ပို့ခြင်းကို တရုတ်နိုင်ငံအပြင် ဥရောပ ဈေးကွက်သို့ ထိုးဖောက် တင်ပို့သွားမည် ဖြစ်ကြောင်း၊ ယခု အောက်တိုဘာ လတွင် စိုက်ပျိုးသော ရွှေဖယုံသီးမှာ ယခု ဇန်နဝါရီလအတွင်း ထွက်ရှိတော့မည် ဖြစ်သဖြင့် ဈေးကွက် ကြိုတင် ရှာဖွေလျက် ရှိကြောင်း၊ တောင်သူများ ထွက်ရှိသမျှ ဝယ်ယူ၍ ဈေးကွက်ရှာ တင်ပို့သွားမည် ဖြစ်ကြောင်း၊ ကွမ်းလုံမြို့ အခြေစိုက် ရွှေကွမ်းလုံ ကုမ္ပဏီမှ မန်နေဂျာမှ ရှင်းပြသည်ကို သိရှိရသဖြင့် ချင်းရွှေဟော် နယ်စပ် ကုန်သွယ်ရေး စခန်းမှ တင်ပို့မည့် အတွက် မကြာမီ ရွှေဖြစ်တော့ ချင်းရွှေဟော် လို့သာ တင်စားလိုပါတော့သည်။

အိုပါး(ချင်းရွှေဟော်)