ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်လို့ ကုန်သွယ်မှု ပိုမိုတိုးတက်ရေး အလားအလာရှိလာတဲ့ ရိဒ်နယ်စပ်

သောကြာနေ့ ။ ၁၁  ဇန်နဝါရီလ ၂၀၁၃ 10:45AM

ပွင့်လင်း ရာသီ ရောက်ရှိလာပြီ ဖြစ်တဲ့ အတွက် လမ်းပန်း ဆက်သွယ်မှု အခြေအနေ ကောင်းမွန် လာပြီဖြစ်ရာ ကုန်ပစ္စည်း တင်ပို့ တင်သွင်းမှုများ လာမဲ့ လများမှာ ပိုမို လာစေနိုင်ရေး ကြိုးပမ်း ဆောင်ရွက် သွားမယ်လို့ ရိဒ် နယ်စပ်တွင် ကုန်သွယ်မှု လုပ်ငန်းများ ဆောင်ရွက် နေတဲ့ တင်မြင့်ဝင်း ကုမ္ပဏီ လီမိတက် ကိုယ်စားလှယ် ဦးမှိန်းငါက ဇန်နဝါရီလ ၁ ရက်နေ့က ရိဒ် နယ်စပ် ကုန်သွယ်ရေး စခန်းမှာ ပြုလုပ်တဲ့ ကုန်သွယ်မှု မြှင့်တင်ရေး အစည်းအဝေးမှာ ဆွေးနွေး တင်ပြခဲ့ တယ်လို့ သတင်း ရရှိလာပါတယ်။

စခန်း တာဝန်ခံ လက်ထောက် ညွှန်ကြားရေးမှူး ဦးတင်ထွန်းဦး ကလည်း ပွင့်လင်း ရာသီ ရောက်ရှိ လာပြီဖြစ်တဲ့ အတွက် ကုန်သွယ်မှု ပမာဏ ပိုမို တိုးတက်အောင် ကြိုးပမ်း ဆောင်ရွက် ကြရန် လိုအပ်လို့ တရားမဝင် မှောင်ခို လမ်းကြောင်းမှ ကုန်ပစ္စည်းများ ဝင်ထွက် လာမှု မရှိစေရေး အတွက် တက်ရောက် လာကြသော ကုန်သည် လုပ်ငန်းရှင်များ၊ OSS အဖွဲ့ဝင်များနဲ့ မိတ်ဖက် ဌာန ဆိုင်ရာ အနေနဲ့ ဝိုင်းဝန်း ကြိုးပမ်း တားဆီး ဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားခဲ့ တယ်လို့ သတင်း ရရှိပါတယ်။

ရိဒ် နယ်စပ် ကုန်သွယ်ရေး စခန်း အနေနဲ့ ဒီဇင်ဘာလမှာ ပို့ကုန် ကန်ဒေါ်လာ သုည ဒသမ ၈၈၈ သန်း၊ သွင်းကုန် ကန်ဒေါ်လာ သုည ဒသမ ၃ဝ၉ သန်း၊ ကုန်သွယ်မှု ပမာဏ ကန်ဒေါ်လာ ၁ ဒသမ ၁၉၇ သန်း ဆောင်ရွက်နိုင် ခဲ့ပါတယ်။

ရိဒ် နယ်စပ်ရဲ့ အဓိက ပို့ကုန်များမှာ ကွမ်းသီး၊ ဆေးရိုး၊ ဆေးကြေမှုန့်၊ ဝက်အရှင်၊ ပလပ်စတစ် အိတ်၊ ဆပ်ပြာမှုန့်၊ ငါးသေတ္တာ၊ မ.ဝတ်တီရှပ်၊ မုန့်မျိုးစုံ၊ မ.စီးဖိနပ်၊ စောင်၊ ဘီယာ၊ Ve Ve အချိုရည်၊ ဓါတ်ဗူးနဲ့ ပန်းသီး တို့ဖြစ်ပြီး အဓိက သွင်းကုန်များမှာ ဓာတ်မြေသြဇာ (ပိုတက်၊ ပုလဲ)နဲ့ ဆံပင် တို့ဖြစ်ကြပါတယ်။

Source: နကသ (ရိဒ်) ချမ်းမြေ့မောင်