တရားမဝင်ကူးသန်းရောင်းဝယ်မှုပပျောက်စေရန် တမူးနယ်စပ်မှလည်း ဆောင်ရွက်လျက်ရှိ

အင်္ဂါနေ့  ။ ၀၈  ဇန်နဝါရီလ ၂၀၁၃ ၁၆:၄၅

     တမူးနယ်စပ် ကုန်သွယ်ရေးစခန်းရဲ့ ထုတ်နုတ် အင်အားဖြင့် ဖွဲ့စည်းထားတဲ့ Mobile Team အဖွဲ့ဟာ စားသုံးသူ အကာအကွယ် ပေးရေး၊ ကုန်သွယ်မှု မြှင့်တင်ရေးနဲ့ တရားမဝင် ကုန်သွယ်မှု လျော့နည်း ပပျောက်ရေး တို့အတွက် တမူး-ကလေး ကားလမ်းမပေါ်ရှိ တမူးမှ ၁၅ မိုင် အကွာ ခွန်မွန်းနွန်ရွာ မှာ ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့က မော်တော်ယာဉ်များ၊ ဆိုင်ကယ်များအား စစ်ဆေး ရှာဖွေမှုများ ပြုလုပ်ခဲ့ ပါတယ်။ ပြည်သူများ စားသုံးရန် မသင့်သော ၇၃ ကီလိုဂရမ် ခန့်ရှိသော ကွမ်းပေါင်းထုပ်ကြီး ၂၅ ထုပ်၊ အကောက်ခွန်မဲ့ သယ်ဆောင် လာသော ၁၈ဝ ကီလိုဂရမ် ခန့်ရှိသော စွန်ပလွန်ယို အိတ်ကြီး ၆ အိတ်၊ ပါတိတ် လုံချည် ၂၇၅ ထည်၊ မစီးဖိနပ် ၄၅ ရံ ၊ Sandal Wood တံဆိပ် အမွှေးတိုင် ၁၂ ထုပ်ပါ အထုပ် ကြီး ၁၆ဝ ၊ Sirode Luxe တံဆိပ် အမွှေးတိုင် ၇၂ ထုပ်ပါ အထုပ်ကြီး ၇၆ ထုပ် စုစုပေါင်းခန့်မှန်း သိန်း ၂ဝ ကျော်ဖိုး ကို Mobile Team အဖွဲ့မှ စစ်ဆေး ဖမ်းဆီးရမိ ခဲ့တယ် လို့ သတင်း ရရှိပါတယ်။

      ဖမ်းဆီးရမိသော အကောက်ခွန်မဲ့ ပစ္စည်းကိုမူ အခွန် တိမ်းရှောင်၍ တစ်နိုင်တစ်ပိုင် ရောင်းဝယ်နေသူများ အား တရားဝင် လမ်းကြောင်း ပေါ်သို့ ရောက်ရှိပြီး ရောင်းဝယ် လာတတ်ရန် ပညာပေး ကာလ ဖြစ်တဲ့အတွက် လိုင်စင် ပြုလုပ်ပြီး အခွန် ပေးဆောင်စေကာ ပြန်လည် ထုတ်ပေးသွားမှာ ဖြစ်ကြောင်းနဲ့ စားသုံးရန် မသင့်သော ကွမ်းပေါင်း အထုပ်များအား လုပ်ထုံး လုပ်နည်းများ နဲ့အညီ ဖျက်ဆီး ဆောင်ရွက် သွားမယ်လို့ သိရှိရပါတယ်။

လှဌေး (တမူး )